Vietnam

ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အပူလှိုင်းကြောင့် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့မှုတိုးလာဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံတွင် ဧပြီလနှင့် မေလတွင် ဖြစ်ပေါ်လျက်ရှိသော အပူလှိုင်းကြောင့် ထိုင်းနိုင်ငံ၏ဒူးရင်းအထွက်နှုန်း လျော့ကျသွားနိုင်ပြီး ဗီယက်နမ်နိုင်ငံမှ တင်ပို့မှုတိုးလာစေနိုင်ကြောင်းနှင့် ထိုင်းဒူးရင်းသီးများသည် ပုံမှန်အားဖြင့် ဗီယက်နမ် ဒူးရင်းသီးများထက် ဈေးပိုမြင့်မားကြောင်း Vn Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ အပူချိန်သည် ၄၄.၂ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ခဲ့ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ၆၁ ဦးရှိကြောင်း၊ အပူရှိန်မြင့်မားခြင်းကြောင့် ဒူးရင်းသီးများ ကွဲအက်ခြင်း (သို့မဟုတ်) ခြောက်သွေ့ခြင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှိ သစ်သီးတင်သွင်းသူ Huang Dapeng က WeChat Forum တွင် ဒူးရင်းသီးအချို့ အပူရှိန်မြင့်မားလာမှုကြောင့် ဈေးကွက်ပေါက်နှုန်းထက် လျှော့ဈေးဖြင့် ရောင်းချရကြောင်း ဖော်ပြခဲ့သည်။

အပူရှိန်မြင့်မားမှုကြောင့် တရုတ်နိုင်ငံရှိ ဒူးရင်းသီးများသည် ဧပြီလတွင် တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၅.၈၀ အထိ မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ အဆိုအရ သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းဒူးရင်းသီးများသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ်အတွင်း မိုးခေါင်ရေရှားမှု အခြေအနေများသည် ထိုင်းနိုင်ငံ၏ ဒူးရင်းအထွက်နှုန်း ၄၂ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၅၄၀,၀၀၀ ခန့် လျော့ကျသွားနိုင်သည်ဟု နိုင်ငံတကာ စီးပွားရေးကျွမ်းကျင်သူနှင့် Intelligent Research Consultancy ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Aat Pisanwanich ကပြောကြားခဲ့ပါသည်။

မိုးခေါင်မှုနှင့် အပူလှိုင်းများကြောင့် ထိုင်းနိုင်ငံတွင် ဒူးရင်းပင်များ ရှင်သန်ရန်အတွက် တောင်သူ လယ်သမားများအနေဖြင့် ၎င်းတို့၏ လယ်ယာများသို့ ရေသယ်ယူရာတွင် ထပ်လောင်းကုန်ကျစရိတ်များ ကြုံတွေ့ရကြောင်း၊ အပြန်အလှန်အားဖြင့် လွန်ခဲ့သည့် သုံးနှစ်ခန့်က တရုတ်နိုင်ငံတွင် ဒူးရင်းလတ်လတ်ဆတ်ဆတ် ရောင်းချခွင့်ရရှိထားသည့် ဗီယက်နမ်မှ တင်ပို့သူများ အနေဖြင့် ကုန်းတွင်းပိုင်း နယ်စပ်ဖြတ်ကျော်ကာ အသီးအနှံများကို တင်ပို့ခြင်းဖြင့် ကုန်ကျစရိတ် သက်သာခြင်းမှ အကျိုးအမြတ်ရရှိကြကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများသည် သယ်ယူပို့ဆောင်ရေးတွင် အားသာချက်ရှိပြီး ဈေးနှုန်းသက်သာစေပါသည်။ ဧပြီလတွင် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဒူးရင်းတင်ပို့မှု ဈေးနှုန်းသည် ထိုင်းဒူးရင်းဈေးနှုန်းထက် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ ၄.၂၂ လျော့ကျခဲ့ကြောင်း၊ ယခုနှစ်ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ ဒူးရင်းတန်ချိန် ၃၆,၈၀၀ တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံမှ ၁၇,၉၀၀ သာ တင်ပို့ခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံတွင် စျေးကွက်ဝေစု ၆၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဗီယက်နမ်၏ ရှယ်ယာတန်ဖိုးသည် အဆိုပါကာလအတွင်း ၈၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ဗီယက်နမ်သစ်သီးဝလံနှင့် အသီးအရွက်အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူDang Phuc Nguyen က တောင်ပိုင်းဒေသရှိ တောင်သူများသည် ဒူးရင်းစိုက်ပျိုးရာတွင် နည်းစနစ်အသစ်များကို ကျင့်သုံးရာတွင် အောင်မြင်ခဲ့ကြောင်း၊ ၎င်းသည် တရုတ်ဈေးကွက်ကို ထိုင်းနှင့် နှိုင်းယှဉ်ရာတွင် အားသာချက်တစ်ခု ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ ဒူးရင်းသီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ရောင်းချခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြာင်း ဖော်ပြထားပါသည်။

 

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam