Phillippines

ဖိလစ်ပိုင်နိုင်ငံသည် နို့နှင့်နို့ထွက်ပစ္စည်းများအား ပိုမိုတင်သွင်းဖွယ်ရှိကြောင်း UN အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ

Last Updated:

ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာပါ ဖော်ပြချက်အရ  ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း စားသုံးသူနှင့် စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သည့်ကဏ္ဍတွင် လိုအပ်ချက်ပိုမိုများပြားလာနိုင် သည့်အတွက် နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုတင်သွင်းလာဖွယ်ရှိကြောင်း သိရှိရပါသည်။ ကုလသမဂ္ဂ လက်အောက်ခံ Food and Agriculture Organization (FAO) စာရင်းအရ ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်ထက်တစ်နှစ် နို့ထွက်ပစ္စည်း ဝယ်ယူမှုမှာ ၂ ဒသမ ၂ ရာခိုင်နှုန်း၊  တန်ချိန် ၂ ဒသမ ၈ သန်းခန့် တိုးမြင့်လာပြီး ၂၀၂၃ ခုနှစ်တွင်  နို့ထွက်ပစ္စည်းတန်ချန် ၂ ဒသမ ၉ သန်းခန့် ဝယ်ယူနိုင်ကြောင်း‌‌ ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝှမ်းကုန်သွယ်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် နို့နှင့်နို့ထွက်ပစ္စည်းကုန်သွယ်မှုတန်ချိန် စုစုပေါင်း ၈၅ သန်းထိရောက်ရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်ကတန်ချိန် ၈၄ ဒသမ ၆ သန်း တင်သွင်းရာမှ ၀ ဒသမ ၅ ရာခိုင်နှုန်း ထိ အနည်းငယ်တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်၊ ဆော်ဒီအာရေးဘီးယား၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ မက်ဆီကိုနှင့် အယ်ဂျီးရီးယားတို့တွင် နို့နှင့်နို့ထွက်ပစ္စည်း ပြည်တွင်းဝယ်လိုအားမှာ ပြည်တွင်းမှ ကုန်ပစ္စည်းရရှိနိုင်မှုနှင့် ရောင်းချပေးနိုင်မှုအလားအလာထက် ပိုမိုမြင့်တက်လာသဖြင့် ပြည်ပမှ ပိုမိုတင်သွင်းနေခြင်းဖြစ်ကြောင်း FAO မှ ပြောကြားခဲ့ပါသည်။

အမေရိကန်အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နို့ထွက်ပစ္စည်းများ ဝယ်ယူတင်သွင်းမှုမြင့်တက်လာခြင်းသည် ကမ္ဘာ့အကြီးဆုံး နို့ထွက်ပစ္စည်းတင်သွင်းသည့် နိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှား၊ အီးယူနှင့် တရုတ်နိုင်ငံများအတွက် ဝယ်ယူတင်သွင်းမှု အားလျော့နည်းသွားစေသည့်အတွက် အပြန်အလှန်ကာမိသွားစေနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

အစားအသောက်နှင့် မုန့်ဖုတ်သည့်လုပ်ငန်းများမှ ဝယ်လိုအားမြင့်တက်လာခြင်း၊ အစားအသောက်များရောင်းချသည့် လုပ်ငန်းများအားချဲ့ထွင်လာခြင်းတို့ကြောင့် နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုတိုးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းမှထုတ်လုပ်ရောင်းချနိုင်သည့် လက်ကျန်ကုန်ပစ္စည်း မြင့်တက်လာမှသာ လိုအပ်ချက်ပမာဏအတွက် ကာမိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source;https://business.inquirer.net/407188/ph-seen-importing-more-milk-other-dairy-products?utm_source=vuukle&utm medium=talk_of_town

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines