China (HongKong)

ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှုမှာ ပြင်ပအခြေအနေများအပေါ် မူတည်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

ဟောင်‌ကောင်ဒေသအစိုးရ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်း စားသုံးမှုအတွက် အထောက်အပံ့ပေးခြင်း၏ ရလဒ်မှာ အကန့်အသတ်ရှိသောကြောင့် ယခုနှစ်အတွက် ဟောင်ကောင်ဒေသ ဂျီဒီပီတိုးတက်မှု ၅.၅ ရာခိုင်နှုန်း ရရှိမှုရှိ မရှိ ဆိုသည်မှာ ပြင်ပမှ အခြေအနေများအပေါ်တွင် မူတည်ကြောင်း ဘဏ္ဍာရေးဝန်ကြီး က ပြောကြားခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “Hong Kong’s ability to grow economy subject to external factors: Paul Chan” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ပထမအကြိမ် အိမ်ဝယ်ယူသူများနှင့် မိသားစုကြောင့် ပိုကျယ်သည့် အခန်းများ ဝယ်ယူသူများအပါအဝင် အိမ်ဝယ်သူများကို ကူညီပေးမည့် အစီအမံတစ်ခုကို ချမှတ်သွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီး က ဇွန်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် consumption vouchers များပေးဝေခြင်းကို တတိယမြောက်နှစ်အဖြစ် ယခုနှစ်တွင်လည်း လုပ်ဆောင်ခဲ့ပါသည်။ အစိုးရမှ ဟောင်ကောင်ဒေါ်လာ ၃၃ ဘီလီယံ အကုန်ကျခံ၍ လုပ်ဆောင်ခဲ့သည့် အဆိုပါ ဆောင်ရွက်ချက်ကြောင့်  ဒေသ၏ ဂျီဒီပီ ၀.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ယခုနှစ်အစီအစဉ်အရ အမြဲတမ်းနေထိုင်ခွင့်ရရှိသူများနှင့် ဟောင်ကောင်ဒေသသို့ ရောက်ရှိလာသည့် ၁၈ နှစ်နှင့်အထက် ရှိသူများသည် ဟောင်ကောင် ဒေါ်လာ ၅၀၀၀ တန်ဖိုးရှိ e-coupons ရရှိရန် အကျုံးဝင်သူများဖြစ်ပြီး၊ ပထမအသုတ် ဟောင်ကောင်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ coupons ပေးဝေမှုကို ဧပြီလလယ်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအသုတ်ကို လာမည့်လတွင် ဖြန့်ဝေမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောကြောင့်လာမည့် ၆ လအတွင်း ဒေသ၏ စီးပွားရေးရည်မှန်းချက်ပြည့်မီရန် ဒေသတွင်းစားသုံးမှုနှင့် ခရီး သွားလုပ်ငန်းကို မှီခိုရသည်ဟု Chan က ပြောကြားခဲ့ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ အလျင်အမြန် ဦးမော့လာခြင်းကြောင့် ဟောင်ကောင်ဒေသ၏ လက်လီလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ဆောင်မှုပေးသည့် ကဏ္ဍများအနေဖြင့် ကိုဗစ်-၁၉ မဖြစ်ပွားမီအခြေအနေ၏ ၉၀ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ဧပြီလအတွင်း ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားအရေအတွက်မှာ ၂.၉ မီလီယံ ရှိခဲ့ရာ ထိုပမာဏသည် ကိုဗစ်-၁၉ မဖြစ်ပွားမီအချိန်ရှိ အရေအတွက်၏ ၅၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဥရောပနိုင်ငံများ၏ စီးပွားရေးအခြေအနေနှင့် အမေရိကန်နိုင်ငံ၏ အတိုးနှုန်းမြှင့်တင်မှုကဲ့သို့သော ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ပို့ကုန်ကဏ္ဍတွင် ဖိအားရှိနေကြောင်း၊ ၂၀၂၃ ခုနှစ် ပထမလေးလပတ်၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကကာလတူထက် ၁၆.၅ ရာခိုင်နှုန်း ကျဆင်းပြီး ဧပြီလ၏ ပို့ကုန်တန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ ၃၃၈.၃ ဘီလီယံသာ ရှိခဲ့သောကြောင့် ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်းကျဆင်းသကဲ့သို့ ပြီးခဲ့သည့်လကထက်လည်း ပိုမိုကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ငွေကြေးအာဏာပိုင် အဖွဲ့အစည်းနှင့် ညှိနှိုင်းမှုများပြုလုပ်ပြီးပါက အစိုးရအနေဖြင့် အိမ်ဝယ်ယူသူများကို အကူအညီပေးမည့် အစီအမံများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းနှင့် အိမ်ခြံမြေဈေးကွက်မှာ တည်ငြိမ်နေခဲ့သော်လည်း ပြည်သူများအနေဖြင့် အတိုးနှုန်းများ မြင့်တက်လာမှုအပေါ် သတိပြုနေရသည်ဟု Chan က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)