China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပြင်ပကုန်သွယ်မှုစာရင်းဇယား ထုတ်ပြန်

Last Updated:

ယခင်နှစ် အလားတူလာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန် တန်ဖိုးများ အသီးသီး မြင့်တက်လာပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး ၃၃.၆ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၈၈.၇ ဘီလီယံအထိ လည်းကောင်း၊ သွင်းကုန် တင်သွင်းမှု တန်ဖိုး ၂၁.၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၃၈၅.၆ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုပိုငွေ ၃.၆ ဘီလီယံ ရှိသည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။

ယခင်သုံးလပတ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ သုံးလပတ်ကာလအနေဖြင့် ပို့ကုန်တင်ပို့မှုတန်ဖိုး ၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုတန်ဖိုးလည်း ၂.၃  ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံ/ ဒေသအလိုက် ပို့ကုန်/သွင်းကုန် တိုးတက်မှုအခြေအနေအရကြည့်လျှင် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အာရှဒေသသို့ ပို့ကုန်တင်ပို့မှု ၄၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များဖြစ်သည့် တရုတ်ပြည်မ (၅၄.၂ ရာခိုင်နှုန်း)၊ အိန္ဒိယ (၅၁.၀ ရာခိုင်နှုန်း)၊ မလေးရှား (၄၈.၁ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၄၆.၈ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၄၅.၆ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှု တန်ဖိုး မြင့်တက်ခဲ့ပါသည်။

အာရှဒေသပြင်ပ ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်တင်ပို့ရာဒေသများသို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ရာ အထူးသဖြင့် ပြင်သစ် (၃၈.၇ ရာခိုင်နှုန်း) နှင့် အမေရိကန် (၁၁.၅ ရာခိုင်နှုန်း) တို့သို့ တင်ပို့မှုမြင့်တက်ခဲ့ပြီး၊ အခြားတစ်ဖက်တွင် နယ်သာလန်နိုင်ငံ (-၄၅.၇ ရာခိုင်နှုန်း) သို့ တင်ပို့မှုကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ထိုင်းနိုင်ငံ (၄၂.၆ ရာခိုင်နှုန်း)၊ အမေရိကန်နိုင်ငံ (၃၈.၉ ရာခိုင်နှုန်း)၊ တရုတ်ပြည်မ (၃၈.၆ ရာခိုင်နှုန်း)၊ ဗီယက်နမ်နိုင်ငံ (၃၄.၀ ရာခိုင်နှုန်း)၊ ကိုရီးယား (၂၈.၃ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး မြင့်တက်ခဲ့ပြီး၊ ဖိလစ်ပိုင် (-၂၅.၆ ရာခိုင်နှုန်း) မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ အဓိက ကုန်စည်အုပ်စုများ၏ ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" ပို့ကုန်တန်ဖိုး (၄၂.၈ ရာခိုင်နှုန်း) ဟောင်ကောင် ဒေါ်လာ ၅၅.၇ ဘီလီယံနှင့် "telecommunications and sound recording and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၂၅.၁ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၀.၂ ဘီလီယံ အသီးသီး မြင့်တက်ခဲ့ပါသည်။

ကာလတူအတွင်း သွင်းကုန်တင်သွင်းမှု၌ ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများ၏ တင်သွင်းမှုတန်ဖိုး မြင့်တက်ပါသည်။ အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၂၀.၆ ရာခိုင်နှုန်း) ဟောင်ကောင် ဒေါ်လာ ၂၇.၈ ဘီလီယံမြင့်တက်လာပြီး၊ "telecommunications and sound recording and reproducing apparatus and equipment" မှာ ပို့ကုန်တန်ဖိုး (၃၂.၅ ရာခိုင်နှုန်း) ဟောင်ကောင် ဒေါ်လာ ၁၂.၅ ဘီလီယံမြင့်တက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၌ ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး သိသိသာသာ တိုးတက်လာကြောင်းနှင့် တရုတ်နှစ်သစ်ကူးကာလ ဖြစ်နေခြင်းမှာ ထိုသို့တိုးတက်ရခြင်း၏ အကြောင်းရင်းများ အနက်တစ်ခုဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုများ သိသိသာသာ တိုးတက်လာပြီး၊ ဥရောပသမဂ္ဂသို့ တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ အာရှဒေသရှိ အဓိကဈေးကွက်များသို့ တင်ပို့မှုလည်း မြင့်တက်လာခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းနှင့် ပထဝီနိုင်ငံရေး အခြေအနေများသည် လက်တလောကာလ ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် ဖိအားဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)