Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ဒူးရင်းသီး၏ အရည်အသွေးကို ထိန်းထားရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ယခုနှစ်အသီးခူးချိန်တွင် အသီးရောင်းလိုအားကိုထိန်းထားရန် တိုင်းတာချက်၂၂ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုတန်ချိန် ၆.၇၈ သန်းမှ ၃ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါသည်။ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Wattanasak Sur-iam က ယခင်နှစ်နှောင်းပိုင်းနှင့် ယခုနှစ်အစောပိုင်းတွင် ပိုမိုအေးမြသောရာသီဥတုကြောင့် ထွက်နှုန်းမြင့်မားလာခြင်းဖြစ်ကြောင်း၊ ဌာနအနေဖြင့် အသီး၏အရည်အသွေးကို အလေးထားပါကြောင်း၊ အထူးသဖြင့် ဒူးရင်းသီး၏ ပို့ကုန်အရည်အသွေးထိန်းသိမ်းနိုင်ရန် တင်းကြပ်သောအစီအမံများ ဆောင်ရွက်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်  ဆွေးနွေးထားပြီးဖြစ်ပါကြောင်း ပြောကြားပါသည်။

ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် Good Agricultural Practice (GAP) စံနှုန်းများအတွက် ဥယျာဉ်ခြံအနည်းဆုံး ၁၂၀,၀၀၀ ကို မှတ်ပုံတင်စေလိုပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အသီးလတ်လတ်ဆတ်ဆတ်များနှင့် ပြုပြင်ပြီးသောအသီးများကို တန်ချိန် ၄.၄၄ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းချက်ထားပါကြောင်း၊ ပြီးခဲ့သည့်နှစ်က တန်ချိန် ၄.၀၄ သန်းအတွက် ဘတ် ၂၆၃ ဘီလီယံရရှိခဲ့သဖြင့် အရည်အသွေးနှင့် ဝင်ငွေနှစ်ခုလုံးတွင် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

ပြည်ပဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၌ ဝယ်လိုအားအဆက်မပြတ်မြင့်တက်နေချိန်တွင် ပြည်တွင်းဈေးကွက်နှင့်စပ်လျဉ်း၍ နိုင်ငံအတွင်းစားသုံးမှုမြင့်တက်လာစေရေးကို အားပေးရန်အတွက် စီမံချက်တစ်ခုရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သစ်သီး၏အရည်အသွေးကောင်းမွန်စေရန် သစ်သီးပွဲစားများနှင့် ကုန်သည်များကို ကြီးကြပ်ကွပ်ကဲမည့်အစီအမံများကို တင်းကြပ်ထားပါသည်ဟု ကတိပြုခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အသီးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်နှင့် ဥပဒေရေးရာ ကိစ္စရပ်များကို လွှမ်းခြုံသောတိုင်းတာချက် ၂၂  ချက်ကို ဒေသ ၄ ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းတိုင်းတာချက် ၂၂ ချက်မှာ ဥယျာဉ်ခြံမြေကွက် အနည်းဆုံး ၁၂၀,၀၀၀ ကို GAP စီမံချက်၏ စစ်ဆေးမှုနှင့် အသိအမှတ်ပြုလက်မှတ်ကို အရှိန်အဟုန်မြှင့်ထုတ်ပေးခြင်း၊ အသီးတန်ချိန် ၁၀၀,၀၀၀ ကို ကြိုတင်ဝယ်ယူရန်အတွက် စိုက်ပျိုးသူတောင်သူနှင့် ကုန်သည်များပါဝင်သော ကန်ထရိုက်လယ်ယာပုံစံ (Contract Farming) ကို အသုံးပြုခြင်း၊  လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများအား ၎င်းတို့၏သစ်သီးဝလံ ထွက်ကုန်များကို ထုတ်လုပ်မှုဧရိယာပြင်ပသို့ တစ်ကီလိုလျှင် ၃ ဘတ်နှုန်းဖြင့် စုစုပေါင်းတန်ချိန် ၉၀,၀၀၀ ကို ဖြန့်ဖြူးပေးခြင်း၊ ရာသီချိန်တွင် အသီးတန်ချိန် ၃၀,၀၀၀ ကို တိုက်ရိုက်ဝယ်ယူရောင်းချနိုင်စေရန် ကုန်စုံဆိုင်များကို ပံ့ပိုးကူညီခြင်းတို့ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနတို့သည် ကုန်စုံဆိုင်များ၊ ဓာတ်ဆီဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ စုစုပေါင်းတန်ချိန် ၁၀၀,၀၀၀ ကို စိုက်ပျိုးသူတောင်သူများကိုယ်တိုင် ရောင်းချနိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း Mr. Wattanasak က ပြောကြားပါသည်။

အခြားသောစီမံချက်အနေဖြင့် ခရီးသွားများကိုဆွဲဆောင်နိုင်ရန် ထိုင်းသစ်သီးပွဲတော်ကို စီစဉ်ကျင်းပခြင်းနှင့် အသီး ၂၀ ကီလိုဂရမ်ကို လေယာဉ်ပေါ်သို့အခမဲ့သယ်ဆောင်ခြင်းကို ပံ့ပိုးပေးခြင်းတို့ပါဝင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဆန်၊ ပီလောပီနံ၊ ပြောင်းနှင့် ဆီအုန်းတို့၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် အသီးအနှံနှင့် လယ်ယာထွက်ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပြောကြားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source : www.bangkok.gov

Category: Thailand