China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပြည်သူများ၏ သုံးစွဲမှုပမာဏများကို ဆက်လက်မြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုရရှိစေရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှအကြီးတန်းပညာရှင်တစ်ဦး၏ ပြောကြားချက်အရ နိုင်ငံ၏စီးပွားရေး တိုးတက်မှု အရှိန်အဟုန် တိုးမြင့်စေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏ မြင့်တက် လာစေရေးကို အဓိကထား၍ ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် မျှော်လင့်လျက်ရှိ ကြောင်း သိရှိရပါသည်။

မကြာမီက ပေကျင်းမြို့၌ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဘဏ္ဍာရေးဆိုင်ရာဖိုရမ်၌ China Center for International Economic Exchanges ၏  Chief Economist ဖြစ်သူ Ms. Chen Wenling က အောက်ပါအတိုင်းအကြံပြုပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်-

(က) ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏမြှင့်တင်ရန် ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို တိုးတက်စေနိုင်မည့် အရေးအကြီးဆုံးဆောင်ရွက်မှု တစ်ခုပင် ဖြစ်ကြောင်း၊

(ခ) တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၌ စားသုံးမှုဖော်ပြချက်မှာ တိုးတက်လျက် ရှိသော်လည်း သုံးစွဲမှုပမာဏများပြားသည့် အဓိကလူသုံးကုန်ပစ္စည်းများ၏ လက်လီ ရောင်းချမှုမှာ  ယခင်နှစ်ဖော်ပြချက်အရ နှစ်အလိုက်နှိုင်းယှဉ်ချက်တွင် ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် သုံးစွဲမှုပမာဏ ပိုမိုမြှင့်မားစေရေးသည် ယခုနှစ် စီးပွားရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့်အရာဖြစ်ကြောင်း၊

(ဂ) အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များအရ  လူသုံးကုန် ပစ္စည်းများ၏ လက်လီရောင်းချမှုသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ကာလအတွင်း နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ၃.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း (သို့မဟုတ်) ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ သုံးစွဲမှုအဆင့်ထက် ၅.၃ ရာခိုင်နှုန်း ပိုများလာကြောင်း၊

(ဃ) Offline သုံးစွဲမှုကို အားပေးဆောင်ရွက်ရန်နှင့် စျေးကွက်အနေအထားကို ကူးစက် ရောဂါကာလမတိုင်မီ အခြေအနေအထိ ပြန်လည်ရရှိရေး ဆောင်ရွက်ရန်မှာ အဓိကအချက် ဖြစ်ကြောင်း၊ 

(င) နောက်ထပ်အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ Business Models များနှင့် Formats များ ချမှတ်နိုင်ရေးအတွက်  Offline နှင့် Online သုံးစွဲမှုကို ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊

(စ) အိမ်ရာအဆောက်အဦး၊ မော်တော်ကားနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ စသည်တို့ ပါဝင်သည့် တန်ဖိုးမြင့်ကုန်စည်များ၏ သုံးစွဲမှု မြင့်တက်လာစေရေးကိုလည်း ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊

(ဆ) တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍနှင့်သက်ဆိုင်သည့် မူဝါဒများသည်လည်း အိမ်ရာ အဆောက်အဦးနှင့်ပတ်သက်သည့် အမျိုးမျိုးသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တည်ငြိမ်မှုရှိပြီး အဆိုပါကဏ္ဍအား လွှမ်းခြုံနိုင်သည့် ပုံစံမျိုးချမှတ် နိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ 

(ဇ) တန်ဖိုးကြီးအိမ်ရာများ ရောင်းချမှုတွင်လည်း ဝယ်ယူနိုင်စွမ်းရှိသည့် ပြည်သူများ နှင့် အိမ်ရာ၊ တိုက်ခန်းများငှားရမ်းရာတွင် စျေးကွက်ဦးစားပေး စျေးနှုန်းစနစ်ကျင့်သုံးခြင်းဖြင့်  မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊

(ဈ) ယင်းနောက် သုံးစွဲမှုအလားအလာ ပိုမိုများပြားသည့် သက်ကြီးရွယ်အိုများ၊ လူငယ်များနှင့် အမျိုးသမီးများပါဝင်သည့် အဓိကစားသုံးသူအုပ်စုနှင့်  ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေးနှင့် အိမ်သန့်ရှင်း ရေး ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ၌ သုံးစွဲမှုတိုးတက်လာစေရန်လည်း ဆောင်ရွက် သင့်ကြောင်း၊

(ည) ဒစ်ဂျစ်တယ်သုံးစွဲမှုကို ချဲ့ထွင်ရန်အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် ဒေသအနှံ့ရှိ အရင်းအမြစ်များနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက် ခွဲဝေမှုများ အားကောင်းလာစေရန်အတွက် နိုင်ငံတကာနှင့် ဒေသတွင်းစားသုံးမှု အချက်အချာ ကျသည့် မြို့များ၌ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန်လည်း မျှော်လင့်ထားကြောင်း၊

(ဋ) သုံးစွဲမှုပမာဏမြင့်တက်လာစေရေးအတွက် နိုင်ငံ၏အလယ်အလတ်တန်းစားဝင်ငွေ အုပ်စု တိုးပွားလာစေရေး၊ လုပ်ငန်းရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်စေရေး တို့အတွက် စျေးကွက်ဆိုင်ရာ အဖွဲ့အစည်းများအား တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း၊

အထက်ဖော်ပြပါ သတင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်စေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏ မြင့်တင်ရေး ကို အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ Offline သုံးစွဲမှု တိုးတက်ရေး ဦးတည် ဆောင်ရွက်ပြီးနောက် Offline နှင့် Online ပူးပေါင်းဆောင်ရွက်နိုင်မည့် Business Models နှင့် Formats များ ချမှတ်နိုင်ရေး ဆောင်ရွက်ရန် မျှော်မှန်းနေကြောင်း၊ အိမ်ခြံမြေဆိုင်ရာ မူဝါဒများ တည်ငြိမ်မှုရှိစေရေး နှင့် စျေးကွက်ဦးစားပေး ရောင်းချသည့်စျေးနှုန်းစနစ်များ ကျင့်သုံး၍ တန်ဖိုးမြင့် ကုန်စည်များ၏ ဝယ်လိုအားမြင့်တက်စေရန် ဆောင်ရွက်နိုင်ကြောင်း၊ အဓိကစျေးကွက်ဝယ်လိုအားအတွက် သက်ကြီး ရွယ်အိုများ၊ လူငယ်များနှင့် အမျိုးသမီးများ ပါဝင်သည့် စားသုံးသူအုပ်စုကို ဦးတည်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်း နှင့် ဒစ်ဂျစ်တယ်အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တချိန်တည်း ဆောင်ရွက်နိုင် ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အရင်းအမြစ်နှင့် ထုတ်လုပ်မှုဆိုင်ရာ ခွဲဝေခြင်းအားကောင်း စေရန်အတွက် နိုင်ငံတကာနှင့် ဒေသတွင်းအချက်အချာကျသည့်မြို့များ၌ စိုက်ပျိုးရေးကဏ္ဍ ကို တိုးတက်အောင် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စျေးကွက်ဆိုင်ရာ အဖွဲ့အစည်း များအား တွန်းအားပေးပံ့ပိုး၍ နိုင်ငံ၏ အလယ်အလတ်တန်းစား ဝင်ငွေအုပ်စု တိုးပွားလာရေး၊ လုပ်ငန်းရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ  တိုးတက်လာစေရေး ဆောင်ရွက်ပြီး ဝင်ငွေ များတိုးတက်ရရှိခြင်းကြောင့် ပြည်သူများ၏ သုံးစွဲမှုပမာဏ မြင့်တက်လာစေခြင်းဖြင့် နိုင်ငံ၏စီးပွားရေး တိုးတက်မှုရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ခန့်မှန်းသုံးသပ် ရပါသည်။

 

Source: China to continue boosting consumption leading to economic growth - Chinadaily.com.cn

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

 

Category: China(Beijing)