Thailand

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်ပြန်လည်ကောင်းမွန်မှုအပေါ် စိတ်အားတက်နေ

Last Updated:

ကုန်သွယ်မိတ်ဖက်များဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းမွန်မှု နှေးကွေးနေခြင်း၊ ဥရောပသမဂ္ဂ၏ စီးပွားရေးအခြေအနေသည် ထိလွယ်ခိုက်လွယ်ဖြစ်နေခြင်း၊ Black Sea Grain Initiative မှ ရုရှားနိုင်ငံ နုတ်ထွက်သွားခြင်းနှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့် မိုးခေါင်ခြင်း စသည်တို့ ကြုံတွေ့နေရသော်လည်း ယခုနှစ်၏ ကျန်လများအတွင်းနိုင်ငံ၏ ပို့ကုန်တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည့် အလားအလာအပေါ် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယုံကြည်မှု ခိုင်မာနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်ပြန်လည်ကောင်းမွန်စေရေးအတွက် အလားအလာခိုင်မာသော ဈေးကွက်များတွင် ဈေးကွက်ဖွင့်လှစ်ခြင်းကို အရှိန်မြှင့်တင်သွားရန်ဖြစ်ကြောင်း၊ ယင်းဈေးကွက်များမှာ အာရှအလယ်ပိုင်း၊ လက်တင်အမေရိကနှင့် အာဖရိကတို့ဖြစ်ကြောင်း၊ သို့မှသာ အဓိက ပို့ကုန်ဈေးကွက်များတွင် နှေးကွေးနေမှု၏ သက်ရောက်မှုကို လျော့ပါးစေနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားပါသည်။

ကမ္ဘာနှင့်အဝှမ်း အစားအစာပြတ်လပ်မှုအပေါ် စိတ်ပူပန်မှုနေများသည်လည်း လယ်ယာထွက်ပစ္စည်းများ၏ ပို့ကုန်များကို ဆွဲတင်သွားနိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ပို့ကုန်မြှင့်တင်ရန်နှင့် မြှင့်တင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဩဂုတ်လ၌ ကူမင်းတွင်လည်းကောင်း၊ စက်တင်ဘာလ၌ နန်နင်းနှင့် ရှန်ဟိုင်းတို့တွင်လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

ဇွန်လအတွင်း ပို့ကုန်များအတွက် အကောက်ခွန်ရှင်းလင်းခဲ့မှု တန်ဖိုးသည် ၉ လဆက်တိုက် ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄.၈ ဘီလီယံဖြစ်ကြောင်း၊ သွင်းကုန်ပမာဏလည်း လျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄.၇ ဘီလီယံဖြစ်ကြောင်း၊ လယ်ယာနှင့် စက်မှုလယ်ယာထုတ်ကုန်များ တင်ပို့ခဲ့မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၅၃ ဘီလီယံ၊ စက်မှုထုတ်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၉.၃ ဘီလီယံဖြင့် အသီးသီး ကျုံ့သွားခဲ့ကြောင်း၊ ဝန်ကြီးဌာနက ၎င်း၏ တစ်နှစ်ပတ်လုံးအတွက် ပို့ကုန်တိုးတက်မှု မျှော်မှန်းချက်ကို ၁-၂ ရာခိုင်နှုန်းအတွင်း ထိန်းထားဆဲဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

  မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဆန်၊ သကြားနှင့် အစားအစာများသည် အခြေအနေကောင်းမွန်ပါကြောင်း၊ တရုတ်အပေါ် မှီခိုနေရသည့် ပလပ်စတစ်အလုံးများနှင့် ဓာတုပစ္စည်းများသည် အနုတ်လက္ခဏာပြနေပါကြောင်း၊ လစဉ် ပို့ကုန်ပျမ်းမျှတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံရှိပါက တစ်နှစ်ပတ်လုံးအတိုင်းအတာအတွက် တွက်ချက်ရာတွင် ကောင်းမွန်သည့် အခြေအနေသို့ ‌ရောက်ရှိနိုင်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Chaichan Chareonsuk က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand