Thailand

ထိုင်းနိုင်ငံ၊ ပို့ကုန်တွင် ၁၀ လဆက်တိုက် ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်

Last Updated:

ယူကရိန်းပဋိပက္ခကြောင့် ကုန်စည်ဈေးနှုန်းများ အလွန်အမင်းကျဆင်းခဲ့သဖြင့် ပို့ကုန်တန်ဖိုး တွင်လည်း အကျဖက်သို့ ဦးတည်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ဇူလိုင်လအထိ ၁၀ လ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ ငွေကြေးမူဝါဒများ ပိုမိုးတင်းကြပ်လာခြင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပြီး ငွေကြေးအဖွဲ့အစည်းများက ပိုမိုတင်းကြပ်သော ချေးငွေပုံစံများကြောင့် စားသုံးသူများ၏ ငွေကြေး သုံးစွဲမှုကျဆင်းလာခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့ပါသည်။

ဇူလိုင်လအတွင်း ပို့ကုန်အတွက် အကောက်ခွန်ရှင်းလင်းခဲ့မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂.၁ ဘီလီယံဖြစ်ကြောင်း၊ သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ၂၄.၁ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၉၇ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

လယ်ယာနှင့် စက်မှုလယ်ယာထုတ်ကုန်များတွင် ၉.၆ ရာခိုင်နှုန်းကျုံ့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၉၈ ဘီလီယံရှိကြောင်း၊ စက်မှုထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၁၇.၄ ဘီလီယံဖြစ်ကြောင်း၊ ပထမ ၇ လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃ ဘီလီယံဖြစ်ကြောင်း၊ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၇၂ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၈.၂၈ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာတွင် အခြေအနေများစွာ ဖြစ်နေသော်လည်း ဇူလိုင်လအတွင်း ပို့ကုန်တန်ဖိုးသည် အခြားသော နိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြင့်မားနေပါကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ဝန်ဆောင်မှု ကဏ္ဍများ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးတင်းမာမှုများကြောင့် မိတ်ဖက်များအနေဖြင့် တရုတ်နိုင်ငံအစား ထိုင်းနိုင်ငံမှ လျှပ်စစ်ထုတ်ကုန်များကို ပိုမိုတင်သွင်းလာနိုင်ကြောင်း၊ နိုင်ငံအများစုက ၎င်းတို့၏ အစားအစာလုံခြုံစိတ်ချစေရန်အတွက် အရေးပါသော အစားအစာ ထုတ်ကုန်များကိုလည်း တိုးမြှင့်တင်သွင်းလာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။

ထို့အပြင် ထိုင်း-လာအို-တရုတ် ရထားလမ်းအသစ်ကြောင့် ပို့ဆောင်ရေးတွင် လွယ်ကူချောမွေ့လာခြင်းသည်လည်း ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ပို့ကုန်တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများဖြစ်ကြောင်း Mr. Keerati က ဖြည့်စွက်ပြောကြားပါသည်။

မော်တော်ယာဉ်ထုတ်လုပ်ရေးတွင် Chip ပြတ်တောက်မှု သက်သာခဲ့ခြင်းနှင့် လန်ချဘန်းဆိပ်ကမ်းတွင် ပို့ကုန်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများ တိုးမြှင့်ထားခြင်းကြောင့် ဇူလိုင်လအတွင်း ကားတင်ပို့မှုတွင် သိသိသာသာ မြင့်တက်လာပါကြောင်း၊ မိုဘိုင်းဖုန်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဆန်နှင့် သကြားစသည့် ပို့ကုန်ပစ္စည်းများတွင် တိုးမြင့်လာနိုင်သည့် အလားအလာကောင်းများရှိကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ဖြည့်စွက်ပြောကြားပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand