Thailand

Aion Automobile Manufacturing (Thailand) က ထိုင်းနိုင်ငံတွင် EV စက်ရုံများအတွက် ဘတ် ၆ ဘီလီယံ သုံးစွဲသွားရန် စီစဉ်ထား

Last Updated:

တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး EV ရောင်းချသူ Guangzhou Automobile Corporation (GAC) ၏ လက်ခွဲဖြစ်သော Aion Automobile Manufacturing (Thailand) က ၎င်း၏ ထုတ်လုပ်မှုအသစ်နှင့် ပို့ကုန်အခြေစိုက်အဖြစ် ထိုင်းနိုင်ငံတွင် EV တပ်ဆင်ခြင်းနှင့် ဘတ္တရီ စက်ရုံများအတွက် ၃-၅ နှစ်အတွင်း ဘတ် ၆ ဘီလီယံ သုံးစွဲသွားရန် လျာထားကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ Mr. Ocean Ma က ပြောကြားခဲ့ပါသည်။

ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရန် ထုတ်လုပ်မှုစွမ်းရည်သာမက စက်ရုံများအတွက် ထိုင်းနိုင်ငံကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ ရည်မှန်းချက်ကဲ့သို့ပင် ထိုင်းနိုင်ငံကိုဒေသတွင်း EV အချက်အခြာဒေသဖြစ်စေရန်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချသည့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမည့် စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မိခင်ကုမ္ပဏီ၏ တန်ဖိုးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုနှင့်လည်း ကိုက်ညီရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် GAC ၏ တရုတ်နိုင်ငံပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း၊ Aion သည် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို EV ဈေးကွက်အလားအလာရှိသော အရှေ့တောင် အာရှတွင် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် တတိယအကြီးဆုံး EV တံဆိပ်ဖြစ်ရန် ရည်မှန်းထားကြောင်း၊ ၎င်း၏ EV အမျိုးအစား Aion Y Plus ကို စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကြေညာသွားမည်ဖြစ်ကြောင်း အစီအစဉ်ကို ရှင်းလင်းပြောကြားပါသည်။

Aion သည် ၁ နှစ်လျှင် အမျိုးအစား ၃ မျိုးကို ကြေညာသွားမည် ဖြစ်ကြောင်း၊ GAC တွင် EV အမျိုးအစား ၆ မျိုးရှိကြောင်း၊ တရုတ်ဈေးကွက်တွင် BYD သည် အရောင်းပမာဏအားဖြင့် နံပါတ် ၁ ဖြစ်ကြောင်း၊ ယင်းနောက် GAC နှင့် Tesla တို့ ဖြစ်ကြောင်း၊ GAC သည် ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း တရုတ်နိုင်ငံ၌ EV အစီးရေ ၂၅၀,၀၀၀ စီး ရောင်းချနိုင်ခဲ့ကြောင်း Mr. Ocean က ဆက်လက်ပြောကြားပါ သည်။

Aion နှင့် မော်တော်ယာဉ် ပူးတွဲရောင်းချသူ Sharich Holding Co., ၏ Chief Executive ဖြစ်သူ Mr. Apichat Leenutaphong က ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း GAC ကားအရောင်းပြခန်း ၁၂-၁၅ ခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပြခန်း ၁ ခန်းအတွက် ဘတ် ၁၅-၄၀ သန်း သုံးစွဲသွားမည် ဖြစ်ပြီး ပြခန်း  ၄ ခန်း အတွက် Aion ထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊  ဗန်ကောက်မြို့)  

Category: Thailand