အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် သမ္မတအိမ်ဖြူတော် အမျိုးသားစီးပွားရေးအကြံပေးကောင်စီ (National Economic Council, N.E.C) ညွှန်ကြားရေးမှူးအဖြစ် Mr. Kevin Hassett အားရွေးချယ်ကြောင်း ဒေါ်နယ်ထရမ့်က “X” လူမှုကွန်ရက်၌ ဖော်ပြခဲ့ပါသည်။ Mr. Kevin Hassett သည် ဒေါ်နယ်ထရမ့်အစိုးရ၏ စီးပွားရေးအစီအစဉ်များဖြစ်သည့် အခွန်များလျှော့ချခြင်း၊ အကောက်ခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် စွမ်းအင်ထုတ်လုပ်မှုတိုးမြှင့်ရေးတို့တွင် ဘဏ္ဍာရေးဝန်ကြီးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်အရ Mr. Kevin Hassett သည် ငွေကြေးဖောင်းပွမှု နှင့်ကြုံတွေ့လျက်ရှိသည့်အခြေအနေမှ အမေရိကန် မိသားစုများပြန်လည်နာလန်ထူလာစေရန် ကူညီလုပ်ဆောင်မည်ဖြစ်ပြီး အခွန်လျှော့ချခြင်းနှင့် ကုန်သွယ်ရေးအရ အမေရိကန်နိုင်ငံအား အမြတ်ထုတ်နေသည့်နိုင်ငံများနှင့် မျှတသည့်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရေးကို တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Mr. Kevin Hassett သည် စတန်းဖို့ဒ်တက္ကသိုလ် Hoover Institution ၌ ရှေးရိုးဆန်သူ စီးပွားရေးသုတေသီတစ်ဦးဖြစ်ပြီး Milken Institute တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်လျက်ရှိသူဖြစ်ပါသည်။ ၎င်းသည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သမ္မတအိမ်ဖြူတော် စီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်နယ်ထရမ့်၏ အကြီးတန်း စီးပွားရေးအကြံပေးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ် Tax Cuts and Job Act အတည်ပြုရေးအတွက် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါသည်။
ထို့အပြင် ဒေါ်နယ်ထရမ့်က King & Spalding ဥပဒေအကြံပေးကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးရှေ့နေ Mr. Jamieson Greer အား အဓိကကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းသူဖြစ်သည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်(USTR) အဖြစ် ရွေးချယ်ခဲ့ပါသည်။ Mr. Jamieson Greer သည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) Mr. Robert E. Lighthizer ၏ ဝန်ထမ်းအကြီးအမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများနှင့် မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (North America Free Trade Agreement, NAFTA) ကို အစားထိုးချုပ်ဆိုခဲ့သည့် အမေရိကန်-မက္ကဆီ- ကနေဒါကို ကုန်သွယ်မှု သဘောတူစာချုပ် (U.S. – Mexico – Canada Agreement, USMCA) ဆွေးနွေးညှိနှိုင်းမှုတွင်လည်း ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ယင်းရာထူးတာဝန်မထမ်းဆောင်မီ Mr. Jamieson Greer သည် အမေရိကန်လေတပ်ရှေ့နေအဖြစ်လည်းကောင်း၊ အီရတ်နိုင်ငံ၌လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်က Mr. Jamieson Greer သည် “နိုင်ငံ၏ကုန်သွယ်မှု လိုငွေပြမှုကိုထိန်းချုပ်ရန်၊ အမေရိကန်နိုင်ငံ၏ စက်မှု၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကာကွယ်ရန်နှင့် ပို့ကုန်ဈေးကွက်များ နေရာတိုင်းတွင် ဖွင့်လှစ်နိုင်ရန်အတွက် အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးကို အဓိကတာဝန်ယူမည်” ဟု ထုတ်ပြန်ခဲ့ပါသည်။ ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) ရာထူးသည် ဒေါ်နယ်ထရမ့်လက်ထက်တွင် အရေးပါသည့် ရာထူးတစ်ခုဖြစ်လာပြီး ၎င်း၏ပထမအကြိမ်သမ္မတ သက်တမ်းတွင် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း သတ်မှတ်ကောက်ခံခြင်းနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) သည် အစိုးရအဖွဲ့ဝင်အဆင့်ရှိပြီး ကုန်သွယ်ရေးညှိနှိုင်းမှုများ၊ အမေရိကန်နိုင်ငံ၏ အခြားနိုင်ငံများနှင့် စီးပွားရေးအရအငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းနှင့် ဥပဒေပြုသူများ၊ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်လက်တွဲ၍ နိုင်ငံ၏ကုန်သွယ်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူရပါသည်။
ဒေါ်နယ်ထရမ့်အနေဖြင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Howard Lutnick ကို ရွေးချယ်ခဲ့စဉ်တွင်လည်း “Mr. Howard Lutnick သည် ကုန်သွယ်ရေးနှင့် အကောက်ခွန်မူဝါဒများကို ဦးဆောင် သွားမည်ဖြစ်ပြီး အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး၏ တိုက်ရိုက်တာဝန်ဝတ္တရားများကိုပါ ထမ်းဆောင်ရမည်” ဟု ဖော်ပြထားသဖြင့် ၎င်း၏အစိုးရအဖွဲ့အတွင်း ကုန်သွယ်ရေးမူဝါဒနှင့်ပတ်သက်သော အဆင့်မြင့်ရာထူးကို မည်သို့စီမံဆောင်ရွက်သွားမည်ကို ဆက်လက်စောင့်ကြည့်ရန်လိုအပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ