USA

အသေးစားလုပ်ငန်းများအနေဖြင့် ဖက်ဒရယ်အစိုးရကချပေးသည့် စာချုပ်ဖြင့်လုပ်ကိုင်နိုင်သော စီမံကိန်းများကိုရရှိနိုင်သည့်အခွင့်အလမ်း ပိုမိုတိုးမြှင့်ရန် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့

Last Updated:

အသေးစားလုပ်ငန်းများအနေဖြင့် ဖက်ဒရယ်အစိုးရကချပေးသည့် စာချုပ်ဖြင့်လုပ်ကိုင်နိုင်သော စီမံကိန်းများကို ရရှိနိုင်သည့်အခွင့်အလမ်း ပိုမိုတိုးမြှင့်ရန်အတွက် သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ၂၆-၁-၂၀၂၄ ရက်နေ့၌ “FACT SHEET: Biden – Harris Administration Announces New Actions to Expand Small Business Access to Federal Contracts” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။     

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် အထူးသဖြင့် တစ်ဦးချင်းနှင့် ကိုယ်စားပြုမှုနည်းသည့် လူမှုအသိုင်းအဝန်းမှ အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖက်ဒရယ်အစိုးရ၏ စာချုပ်ဖြင့် လုပ်ကိုင်နိုင်သော စီမံကိန်းများမှတစ်ဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ (၇၀၀) အထိ ချထားပေးခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်အစိုးရသည် ကမ္ဘာတွင် ကုန်စည်နှင့် ဝန်ဆောင်မှု အများဆုံးဝယ်ယူသည့် အစိုးရတစ်ရပ်ဖြစ်ပြီး ဖက်ဒရယ်အစိုးရ၏ စာချုပ်ဖြင့် လုပ်ကိုင်နိုင်သော စီမံကိန်းများမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းရှိစွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်ရန်အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤဆောင်ရွက်ချက်များသည် သမ္မတဂျိုးဘိုင်ဒင်၏ ‘အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု’ အစီအစဉ်နှင့် လူမှုရေးနှင့် စီးပွားရေးအရအခွင့်အလမ်းနည်းပါးသည့် လူပုဂ္ဂိုလ်များ (Socially and Economically Disadvantaged Individuals – SDBs) ပိုင်ဆိုင်သော အသေးစားလုပ်ငန်းများသို့ ဖက်ဒရယ်အစိုးရ၏ စာချုပ်ဖြင့်လုပ်ကိုင်မည့်ရန်ပုံငွေများ ရောက်ရှိစေရန် ဆောင်ရွက်ချက်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရ တာဝန်ယူသည့်အချိန်မှစ၍ ယင်းကဏ္ဍတွင် ရန်ပုံငွေ အသုံးပြုမှုသည် (၅၀) ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (၁၅) ရာခိုင်နှုန်း တိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသေးစားလုပ်ငန်းများသည် စာချုပ်ဖြင့် လုပ်ကိုင်နိုင်သည့် စီမံကိန်းများမှတစ်ဆင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၆၃) ဘီလီယံအထိ ရန်ပုံငွေတိုးမြှင့် ရရှိခဲ့ပြီး လူမှုရေးနှင့် စီးပွားရေးအရ အခွင့်အလမ်းနည်းပါးသည့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သော အသေးစားလုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ဘီလီယံ (၇၀) အထိ ရောက်ရှိခဲ့ပါကြောင်း၊ သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် စီးပွားရေးလုပ်ငန်းဖွဲ့စည်းရန် အသစ်လျှောက်ထားမှု (၁၆) သန်းရှိပြီး ယင်းအနက် လူမည်းအိမ်ထောင်စုများက ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းမှာ ထက်ဝက်ကျော်ရှိပြီး လက်တင်အမေရိကန် အိမ်ထောင်စုများက ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများမှာ (၄၀) ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒင်သည် ဖက်ဒရယ်အစိုးရ၏ စာချုပ်ဖြင့်လုပ်ကိုင်နိုင်သည့် လုပ်ငန်းစီမံကိန်းများအတွက် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်သူများ၏ လူမျိုးနှင့် မျိုးနွယ်စုအမည်များကို ဖော်ပြရန်ထုတ်ပြန်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် အသေးစားလုပ်ငန်းများကို ကူညီရန်အတွက် အရေးယူဆောင်ရွက်မှုအသစ်များ ထုတ်ပြန်ခဲ့ရာ အဆိုပါ အရေးယူဆောင်ရွက်များမှာ စီမံခန့်ခွဲရေးနှင့် ရသုံးမှန်းခြေငွေစာ ရင်းရုံး (Office of Management and Budget) က ဖက်ဒရယ်အစိုးရ၏ စာချုပ်ဖြင့် လုပ်ကိုင်နိုင်သည့် လုပ်ငန်းစီမံကိန်းများတွင် အသေးစားစီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်ရေး ကူညီပေးရန် လမ်းညွှန်ချက်အသစ်တစ်ရပ် ထုတ်ပြန်ခြင်းနှင့် ဖက်ဒရယ်အစိုးရနှင့် လုပ်ငန်းဆောင်ရွက်လိုသည့် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် နည်းပညာအထောက်အပံ့ဆိုင်ရာ အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင် အစိုးရက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ အသေးစားစီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်ရေးအဖွဲ့ (Small Business Administration – SBA) က နှစ်ပေါင်း (၄၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားပြုမှုနည်းပါးသည့် လူမှုအသိုင်းအဝိုင်းမှ အသေးစားစီးပွားရေးလုပ်ငန်းများအား ချေးငွေအစီ အစဉ်ကို တိုးချဲ့ဆောင်ရွက်ခဲ့ခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်နယ်များရှိ အသေးစားလုပ်ငန်းများ အစီအစဉ် (State Small Business Initiative – SSBCI) ဖြင့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံကို ထောက်ပံ့ပေးခဲ့ခြင်း၊ လူနည်းစုပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Minority Business Development Agency – MBDA) ၏ မတည်ရင်းနှီးငွေရရှိနိုင်မှုအစီအစဉ် (Capital Readiness Program) အရ အသေးစားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် SBA ၏ အရေးပါသော နည်းပညာများ အထောက်အပံ့ပေးမှုအစီအစဉ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ၊ နည်းပညာနှင့် လုပ်ငန်းများရရှိစေရန်ပါ ပံ့ပိုးပေးလျက် အသေးစားလုပ်ငန်းကဏ္ဍတိုးတက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရှိရပြီး မိမိတို့အနေဖြင့်လည်းအသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် နည်းပညာနှင့် လုပ်ငန်းစတင်ရန် မတင်ရင်းနှီးငွေရရှိအောင် ဆောင်ရွက်ပေးခြင်းတို့အပြင် ဈေးကွက်ထိုးဖောက်ဝင်ရောက်ရန်အတွက်လည်း ကူညီဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်း အသေးစားလုပ်ငန်းများ တိုးတက်နိုင်ရန် အခွင့်အလမ်းများဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA