USA

အမေရိကန်-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး ပြတ်တောက်သွားပြီလား

Last Updated:

   အမေရိကန်-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေး ပြတ်တောက်သွားမှု ရှိ မရှိနှင့်ပတ်သက်၍ ဖော်ပြထားသည့် သတင်းအား Wall Street Journal အွန်လိုင်းသတင်းတွင် ၇-၂-၂၀၂၄ ရက်နေ့၌ “China – U.S. Decoupling? You Ain’t Seen Nothing Yet” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

    အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၃ ခုနှစ် ကုန်သွယ်မှုအချက်အလက်များသည် ဆယ်စုနှစ်အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ဤသို့ကုန်သွယ်မှုလျော့နည်းလာခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြတ်တောက်မှုအခြေအနေသို့  ရောက်ရှိလာနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ် သမ္မတဒေါ်နယ်ထရမ့် လက်ထက်၌ တရုတ်နိုင်ငံ၏သွင်းကုန်များအပေါ်  အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည့် အကျိုးဆက်များကြောင့် ကုန်သွယ်မှုလျော့နည်းလာခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရပါက တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း (၆၀) ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပို၍ ကောက်ခံနိုင်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် တစ်ခါတစ်ရံအချက်အလက်များက ဖော်ပြသည်နှင့် ကွဲလွဲမှုများလည်း ရှိနိုင်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများမှ ကုန်ထုတ်လုပ်သူများသည် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်း နှင့် ပတ်သက်၍ ဖြေရှင်းသည့်နည်းလမ်းများစွာရှိပါကြောင်း သိရှိရပါသည်။

      အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၂) ထရီလီယံရှိပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၁) ထရီလီယံရှိသဖြင့် ကုန်သွယ်မှုလိုငွေ ကျဆင်းခဲ့ပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာလည်း (၃.၉) ရာခိုင်နှုန်းကျဆင်းခဲ့သဖြင့် ဆယ်စုနှစ်အတွင်း အနည်းဆုံးဖြစ်သည်ဟု အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ ဤသို့ကျဆင်းခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးအခြေအနေတင်းမာမှု ပြင်းထန်လာခဲ့သဖြင့် ကုန်ထုတ်လုပ်သူများသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းကို ရှောင်ရှားရန်အတွက် အခြားနိုင်ငံများတွင် ပြောင်းရွှေ့ထုတ်လုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ အမေရိကန်နိုင်ငံကလည်း ယခင် တရုတ်နိုင်ငံက တင်သွင်းသည့် ကုန်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံနှင့် မက္ကဆီကို နိုင်ငံတို့မှ တင်သွင်းလာခဲ့ကြောင်း သိရှိရပါသည်။

   တရုတ်နိုင်ငံ၏ ကုမ္ပဏီများကလည်း အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုဥပဒေပါ (U.S. Trade Law) ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံသို့ တင်သွင်းသော ကုန်သေတ္တာတန်ဖိုး အမေရိကန်ဒေါ်လာ (၈၀၀) အောက်ဖြစ်ပါက အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဆိုသည့် အချက်ကိုအသုံးချ၍ အခွင့် အရေးယူကြသည်ကို တွေ့ရှိရပါကြောင်း၊ တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ဖြတ်တောက်ရာတွင် အဓိကကြုံနိုင် သည့်အဟန့်အတားမှာ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှုဈေးကွက်ကို လွှမ်းမိုးထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်ဆိုသည့် အချက်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ပို၍များလာနိုင်ကြောင်း၊ ကုန်သွယ်မှုသည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်အပေါ်မူတည်၍ တဖြည်းဖြည်းပြောင်းလဲလာနိုင်သဖြင့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အမြဲတမ်းကုန်သွယ်မှု ပြုလုပ်နေရန် မလိုကြောင်း၊ Apple ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းထုတ်လုပ်မှုကို အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်း ခဲ့သလို Samsung ကုမ္ပဏီကလည်း အလားတူပင် ဗီယက်နမ်နိုင်ငံသို့ ရွှေ့ပြောင်း ထုတ်လုပ်ခဲ့သည်ကို တွေ့ရကြောင်း၊  တရုတ်နိုင်ငံကုမ္ပဏီများအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းကို ရှောင်ရှားရန်အတွက် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသဘောတူစာချုပ်များ ချုပ်ဆိုထားသည့် နိုင်ငံများဖြစ်သော မက္ကဆီကို၊ တောင်ကိုရီးယားနှင့် မော်ရိုကိုနိုင်ငံတို့တွင် လျှပ်စစ်မော်တော်ယာဉ်နှင့် ဘတ္ထရီထုတ်လုပ်သည့် ကုမ္ပဏီများ တည်ထောင်လာကြကြောင်း တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA