Thailand

ထိုင်းနိုင်ငံ-တရုတ် အမြန်ရထားလမ်းစီမံကိန်းသည် နှစ်နိုင်ငံ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည် ဖြစ် ကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့

Last Updated:

အမြန်ရထားလမ်းစီမံကိန်းအသစ် တည်ဆောက်ပြီးစီးပါက ထိုင်းနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ထိုင်း-တရုတ်ဂျာနယ်လစ်အသင်းက ကြီးမှူးကျင်းပသော ထိုင်း-တရုတ် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်နှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Han Zhiquang က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အခြားသော ဒေသတွင်းများနှင့် ချိတ်ဆက်နေသဖြင့် ထိုင်း-တရုတ်အမြန် ရထားလမ်းစီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုင်း၊ လာအို၊ တရုတ်နှင့် အာဆီယံတို့အကြား ချိတ်ဆက် မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ထိုင်း- တရုတ် အမြန်ရထားလမ်း၏ နောင်ခိုင်-ဗီယန်ကျင်း လမ်းပိုင်းသည် ၂၀၂၈ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ စီမံကိန်းကော်မတီက ဘတ် ၃ ဘီလီယံကုန်ကျမည့် ၇.၃ ကီလိုမီတာအပိုင်း ကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြီးသတ် ဒီဇိုင်းရွေးချယ်မှုကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး တင်ဒါလုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဖက်အပိုင်းသည် ၆၀၆ ကီလိုမီတာရှိပြီး နောင်ခိုင်နှင့် ဗန်ကောက်ကို ချိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမြန်ရထားလမ်းသည် လာအိုနှင့်တရုတ်ကို ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနှင့် တရုတ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် Regional Comprehensive Economic Frame-work (RCEP) ကဲ့သို့သော မူဝါဒများလည်း ပွင့်လင်းလာမည်ဖြစ်ကြောင်း၊ နယ်ပယ်အများစုတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးမည့် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကို အဆင့်မြှင့်တင်ရန် ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှစတင်အသက်ဝင်ခဲ့သော အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် တရုတ်နိုင်ငံသို့ ထိုင်းသကြား ထုတ် ကုန်များဖြစ်သည့် Syrup၊ ပျားရည်တုနှင့် အချိုမုန့်များ တင်ပို့မှုတွင် သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ပြုပြင်ပြီးသကြားထုတ်ကုန်များ တရုတ်သို့ တင်ပို့ခဲ့မှုသည် နှစ်စဉ် ၁၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ တရုတ်သည် ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များအတွက် ဦးဆောင်ဈေးကွက်ဖြစ် နေသေးပါကြောင်း၊ ထုတ်ကုန်များအနက် ပြုပြင်ပြီးသကြားများ (သကြားကြမ်းမပါ) သည် ဝယ်လို အားများပါကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ronnarong Phoolpipat က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ စိုက်ပျိုးရေးထုတ်ကုန်များ၏ ဦးဆောင်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံနှင့် အမြန်ရထားလမ်းစီမံကိန်း ဆောင်ရွက်ပြီးပါက ထိုင်းနိုင်ငံအပြင် အခြားသော အရှေ့တောင်အာရှနိုင်ငံများ အတွက်လည်း ချိတ်ဆက်မှုပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်ရပါသည်။

 

         

 Source: www.bangkok.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand