Phillippines

အခွန်ပေးဆောင်မှုလွယ်ကူချောမွေ့စေရေးဥပဒေအား အတည်ပြုပေးရန် အထက်လွှတ်တော်အမတ်များမှ ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် အခွန်ပေးဆောင်ရာတွင် ပိုမိုလွယ်ကူချောမွေ့မှုရှိစေရေး အခွန်ပေးဆောင်မှုလွယ်ကူချောမွေ့စေရေးဥပဒေ (Ease of Paying Tax Bill- SB 2224) အား အတည်ပြုပေးရန်မျှော်လင့်ကြောင်း Business group Makati Business Club (MBC) မှ ပြောကြားခဲ့ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ အစိုးရ၏ဘဏ္ဍာရေးပိုမိုခိုင်မာအားကောင်းလာစေရန်၊ အခွန်ထမ်းပြည်သူများ အခွန်ထမ်းဆောင်ရာတွင် လွယ်ကူအဆင်ပြေနိုင်စေရန်အတွက် အခွန်ပေးဆောင်မှုလွယ်ကူချောမွေ့စေရေးဥပဒေအား အောက်လွှတ်တော်၊ အထက်လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအနေဖြင့် ပြင်ဆင်အတည်ပြုပေးရန် MBC မှ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါသည်။

အဆိုပါဥပဒေအား ပြင်ဆင်အတည်ပြုပေးခြင်းသည် အခွန်ထမ်းပြည်သူများအား အခွန်ပေးဆောင်ရာတွင် လွယ်ကူချောမွေ့စေခြင်း၊ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ၎င်းတို့ပေးဆောင်ရမည့်အခွန်များအား  အလွယ်တကူပေးဆောင်နိုင်ခြင်းဖြင့် အစိုးရ၏အခြေခံအဆောက်အအုံစီမံကိန်းများ၊ အစီအစဉ်များ၊ ဝန်ဆောင်မှုပေးသည့်စီမံကိန်းများနှင့် အမျိုးသားလုံခြုံရေးတို့အား အခွန်ရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် MSMEs လုပ်ငန်းများအနေဖြင့် ပိုမိုထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

 ဥပဒေတွင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများရှိ အခွန်ထမ်းပြည်သူများအတွက် ယခုထက်ပိုမိုတိကျသော ရှင်းလင်းဖော်ပြချက်များအား ပြင်ဆင်ဖော်ပြပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကဏ္ဍတစ်ခုချင်းစီတိုင်းအတွက် လိုအပ်ချက်များအား ဖြည့်စည်းပေးနိုင်ရန်၊ အသေးစားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းများမှ အခွန်ထမ်းပြည်သူများ၏ အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်နှင့် ဝင်ငွေကြေငြာလွှာပုံစံအား အရိုးရှင်းဆုံးဖြစ်စေရန် ယခုပြင်ဆင်မည့်ဥပဒေက အထောက်အပံ့ဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါသည်။

အခွန်ထမ်းပြည်သူများအနေဖြင့် ၎င်းတို့ပေးဆောင်ရမည့်အခွန်အား သက်ဆိုင်ရာအခွန်ရုံးတွင် သာမက  မည်သည့်အခွန်ရုံးတွင်မဆိုပေးဆောင်နိုင်ခြင်း၊ လူကိုယ်တိုင်ပေးဆောင်ခြင်း သို့မဟုတ် အီလက်ထရောနစ်နည်းဖြင့်ပေးဆောင်ခြင်း နည်းလမ်းများအနက် နှစ်သက်ရာနည်းလမ်းအသုံးပြု၍ ရွေးချယ်ပေးဆောင်နိုင်ခြင်းတို့နှင့်ဆိုင်သည့် ပြင်ဆင်ချက်များပါဝင်မည်ဟု မျှော်လင့်ပါကြောင်း MBC မှ ပြောကြားခဲ့ပါသည်။

အခွန်ရှောင်တိမ်းခြင်းအစား အခွန်ပေးဆောင်စေရန်တိုက်တွန်းနိုင်သည့် အခွန်မူဝါဒအသစ်လိုအပ်ကြောင်း Philippines Chamber of Commerce and Industry (PCCI) မှ အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် အခွန်ပေးဆောင်မှုလွယ်ကူချောမွေ့စေရေးဥပဒေ (Ease of Paying Tax Bill- SB 2224) အား ပြင်ဆင်အတည်ပြုပေးခြင်းသည် အခွန်ထမ်းပြည်သူများအား အခွန်ရှောင်တိမ်းခြင်း လျှော့ချနိုင်မည်ဖြစ်ပြီး အခွန်ပေးဆောင်သည့်နည်းလမ်းမျာ ပိုမိုအဆင်ပြေပြီး ရိုးရှင်းသော နည်းလမ်းနှင့် အွန်လိုင်းစနစ်အား အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 

Source; https://www.philstar.com/business/2023/05/26/2268995/senators-urged-pass-ease-paying-taxes-bill

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines