China(Nanning)

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံမှ ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်

Last Updated:

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံမှ ထွက်ရှိသော ရေထွက်ပစ္စည်းအားလုံးကို တင်သွင်းမှု ဆိုင်းငံ့ထားပြီး ၎င်း၏ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်အတွက် ဂျပန်နိုင်ငံ၏ ရေဒီယိုသတ္တိကြွရေများကို သမုဒ္ဒရာထဲသို့ စွန့်ပစ်ခြင်း၏ အကျိုးသက်ရောက်မှုများကို အနီးကပ်စောင့်ကြည့်ခြေရာခံပြီး အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံသည် Fukushima Daiichi Nuclear ဓာတ်အားပေးစက်ရုံမှ ညစ်ညမ်းသော ရေများကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စတင်ထုတ်လွှတ်လိုက်သည့်နောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်ရက်နေ့တွင် အဆိုပါဆိုင်းငံ့မှုမှာ အသက်ဝင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs -GACC) က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့စွန့်ထုတ်မှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဂျပန်ရေထွက်ပစ္စည်းများတွင် ရေဒီယိုသတ္တိကြွမှုအန္တရာယ်နှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်မိကြောင်း GACC မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများအပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Agreement on the Application of Sanitary and Phytosanitary Measures တို့အရ တရုတ်အကောက်ခွန် အာဏာပိုင်များသည် ဂျပန်နိုင်ငံမှ တင်ပို့သည့် ရေထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိန်းချုပ်မှု အစီအမံများကို တိုးမြှင့်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသများသည် တိုကျို၊ ဖူကူရှီးမားနှင့် ချီဘာအပါအဝင် ဂျပန်စီရင်စု (၁၀) ခုမှ ရေထွက်ကုန်များအပေါ် သီးခြားတားမြစ်ပိတ်ပင်မှုများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းနေ့၌ပင် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wu Jianghao က ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Masataka Okano အား အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း သိရှိရပါ သည်။

ဂျပန်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ရေရှည်သာယာရေးထက် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးလျက်ရှိကြောင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့သော အပြုအမူကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့သည်ဟု Wu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်အစိုးရသည် ပြည်သူများကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး အစားအသောက် ဘေးကင်းရေးနှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်လိုအပ်သော အစီအမံအားလုံးကို ဆောင်ရွက်သွားမည်ဟု  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Ms.  Shu Jueting က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ရေဒီယိုသတ္တိကြွရေ မက်ထရစ်တန် (၁) သန်းကျော် ကို သမုဒ္ဒရာထဲသို့ တဖြည်းဖြည်း စွန့်ပစ်မည့် အစီအစဉ်အတွက် နောက်ဆုံးလုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဆက်လက်လုပ်ဆောင်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံအား ၎င်း၏ ဆောင်ရွက်မှုများကို ရပ်တန့်ရန် အလေးအနက် တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အတူ ပစိဖိတ်ခေါင်းဆောင် အချို့ကလည်း ဂျပန်နိုင်ငံ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/24/WS64e77571a31035260b81e156.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)