Germany

ဂျာမနီတွင် အချိန်ပိုင်း အလုပ်သမား အရေအတွက် ပိုမို တိုးတက်များပြားလာ

Last Updated:

ဂျာမနီတွင် အချိန်ပိုင်း အလုပ်လုပ်သူဦးရေသည် ၂၀၂၂ ခုနှစ်၌ (၁၁.၈)သန်း ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း အချိန်ပိုင်း အလုပ်လုပ်သူဦးရေ (၉.၂)သန်းသာ ရှိခဲ့သော ၂၀၁၀ ပြည့်နှစ် နှင့်နှိုင်းယှဉ်၍ Federal Statistical Office (Destatis) က ၂၈-၈-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အချိန်ပိုင်းအလုပ်သမားဦးရေများအနက် အများစုဖြစ်သော (၉.၁၈) သန်းမှာ အမျိုးသမီးများဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၂၂ ရာခိုင်နှုန်းခန့်တိုးလာခဲ့ပြီး အမျိုးသားများသည်လည်း အချိန်ပိုင်းအလုပ် ပိုမိုလုပ်ကိုင်လာကြကာ အရေအတွက်အားဖြင့် ၂.၆ သန်း၊ ပမာဏအားဖြင့် ၅၃ ရာခိုင်နှုန်းခန့်အထိ ကြီးမားစွာ တိုးတက်လာခဲ့ပါသည်။

အချိန်ပြည့် အလုပ်လုပ်ကိုင်သူဦးရေသည်လည်း (၁၂) နှစ်တာကာလအတွင်း ၂၇.၂ သန်းအထိ တိုးတက်လာခဲ့ကြောင်း၊ သို့သော် အချိန်ပိုင်းအလုပ်အကိုင်က အလုပ်အကိုင် တိုးတက်မှု တစ်ခုလုံးတွင် ကြီးမားစွာ နေရာယူထားကြောင်း၊ ၎င်းမှာ အလုပ်အကိုင်တစ်ခုလုံး၏ ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အချုပ်အားဖြင့်ပြောရလျှင် ယင်းသို့နေရာယူထားမှုမှာ အချိန်ပြည့်အလုပ်များကို အချိန်ပိုင်း အလုပ်များဖြင့် အစားထိုးခြင်းခံနေရသည့် လက္ခဏာဖြစ်နိုင်ကြောင်း Destatis က ထုတ်ဖော် ပြောကြားခဲ့သည်။

သို့သော်လည်း အချိန်ပိုင်းအလုပ်သမားများအနေဖြင့်  ၂၀၂၂ ခုနှစ်တွင် တစ်ပတ်လျှင် (၂၁.၂) နာရီ အလုပ်လုပ်ကြရသဖြင့် တစ်ပတ်လျှင် (၁၈.၄) နာရီသာ အလုပ်လုပ်ခဲ့ရသော ပြီးခဲ့သည့် ၁၂ နှစ်ခန့် (၂၀၁၀ ပြည့်နှစ်)က နှင့်နှိုင်းယှဉ်ပါက အချိန်ပိုအလုပ်ဆင်းရမှုများ ပိုများလာကြောင်း စစ်တမ်းများအရ သိရှိရပါသည်။ ယင်းသို့အချိန်ပိုအလုပ်လုပ်ရမှုတွင်  အကြီးမားဆုံး တိုးတက်လာမှုမှာ တစ်ပတ်လျှင် (၂၁.၇)နာရီ အလုပ်လုပ်ရသောအမျိုးသမီးများတွင် ၁၆ ရာခိုင်နှုန်း ဖြစ်ပြီး၊ (၁၉.၅) နာရီ အလုပ်လုပ်ကြရသော အမျိုးသားများတွင် ၁၄ ရာခိုင်နှုန်းခန့် အချိန်ပိုအလုပ် လုပ်ရမှု တိုးလာခြင်း ဖြစ်ပါသည်။

တစ်ဖက်တွင်မူ အချိန်ပြည့်အလုပ်သမားများ၏ အလုပ်ချိန်မှာ ၂၀၁၀ ပြည့်နှစ်တွင် တစ်ပတ်လျှင် (၄၀.၆) နာရီ အလုပ်ဆင်းခဲ့ကြရာမှ ၂၀၂၂ ခုနှစ်တွင် နာရီဝက်ခန့် တိုတောင်း သွားကာ တစ်ပတ်လျှင် နာရီ (၄၀) သာ အလုပ်ဆင်းရတော့ကြောင်း သိရှိခဲ့ရပါသည်။ ဤကဲ့သို့ အချိန်ပြည့် အလုပ် အကိုင် အခန်းကဏ္ဍတွင် အမျိုးသမီးများသည် တစ်ပတ်လျှင် (၃၉.၂) နာရီသာ အလုပ်လုပ်ကြရ သဖြင့် တစ်ပတ်လျှင် (၄၀.၄) နာရီ အလုပ်လုပ်ကြရသော အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများက အချိန်ပြည့်အလုပ်လုပ်ချိန် အနည်းငယ် လျော့နည်းနေပေသည်။

အဆိုပါ ဆန့်ကျင်ဘက်လမ်းကြောင်းနှစ်ခုကိုအခြေခံ၍ ရက်သတ္တပတ်(၁)ပတ်လျှင် အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်လုပ်ချိန်စုစုပေါင်း (၃၄.၃) နာရီရှိပြီး ၂၀၁၀ ပြည့်နှစ်ကထက် (၀.၄) နာရီ (သို့မဟုတ်) (၂၄)မိနစ် အလုပ်လုပ်ချိန် ကျဆင်းသွားမှုအား တွက်ချက်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

Source:        https://www.dw.com/en/germany-number-of-part-time-workers-increases/a-66645265

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany