Thailand

ထိုင်းနှင့်သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် (FTA) ကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် နှစ်နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများ လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း၊ (၆) ကြိမ်မြောက် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ဩဂုတ်လ ၂၁-၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုနှစ်၏ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆွေးနွေးပွဲ (၃) ကြိမ် ထပ်မံ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်းတွင် ဆွေးနွေးမှုများကို အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

(၆) ကြိမ်မြောက် ဆွေးနွေးပွဲတွင် တိုးတက်မှုနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ၇ ဖွဲ့ကို ကြီးကြပ်စောင့်ကြည့်နိုင်ရန်အတွက် ကုန်သွယ်မှုညှိနှိုင်း‌ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နှစ်ဖက်စလုံးမှ ဌာနတွင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညှိနှိုင်းမှုရလဒ်များကို သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်တောင်းခံသွားမည် ဖြစ်ကြောင်း Ms. Auramon က ဆက်လက် ပြောကြားခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံအရွယ်အစား သေးငယ်ပြီး လူဦးရေ (၂၂) သန်းခန့်သာ ရှိသော်လည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အချက်အခြာဖြစ်သည့် အိန္ဒိယ သမုဒ္ဒရာအတွင်း၌ အရေးပါ သော ပထဝီဝင်အနေအထားရှိပါကြောင်း၊ အဖိုးတန်သော သတ္တုများနှင့် ပင်လယ်စာကဲ့သို့သော သဘာဝရင်းမြစ်များ ပေါကြွယ်ဝပါကြောင်း၊ ထိုင်း-သီရိလင်္ကာ FTA မှ ရင်းနှီးမြှုပ်နှံမှုများနှင့် ထိုင်းပို့ကုန်များ အပါအဝင် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ၀.၀၂ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၈၀ သန်း) ချဲ့ထွင် သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

စာချုပ်မှ အကျိုးကျေးဇူးရရှိနိုင်မည့် ထုတ်ကုန်များမှာ မိုဘိုင်းဖုန်းများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ၊ ယန္တရား၊ လျှပ်စစ်ပစ္စည်းများ၊ သတ္တုများ၊ သကြားနှင့် ပလပ်စတစ် စသည်တို့ဖြစ်ကြောင်း၊ အစားအစာပြုပြင်သည် စက်ရုံ၊ အဖျော်ယမကာ၊ ချည်မျှင်နှင့် အထည်ချုပ်များနှင့် လက်ဝတ်ရတနာ အစရှိသည့် ထိုင်းစက်ရုံများသည်လည်း သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်သွားနိုင်ကြောင်းပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ ၆ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၇၉ သန်း ရှိခဲ့ပါ ကြောင်း၊ ထိုင်းနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၂၀ သန်းရှိ ကုန်စည်များ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၉.၄ သန်း တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand