Germany

ဂျာမန်စီးပွားရေးသည် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် ရပ်တန့်နေခဲ့

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ခုနှစ် ဒုတိယသုံးလပတ်တွင် ကျဆင်းခြင်း၊ တိုးတက်ခြင်းမရှိဘဲ ရပ်တန့်နေခဲ့ကြောင်း German Federal Statistical Office (Destatis) မှ ၂၅-၈-၂၀၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စီးပွားရေးတိုးတက်မှုရှိလာသည်ဟု ပြသနိုင်ခြင်းမရှိခဲ့သော်လည်း သုံးလပတ်နှစ်ပတ်ဆက်တိုက် စီးပွားရေးကျုံ့သွားခြင်းကို ရင်ဆိုင်ခဲ့ရပြီး စီးပွားရေးကျဆင်းမှုထဲသို့ ရောက်ရှိသွားသော ဂျာမနီ နိုင်ငံအနေဖြင့် ယခုအချိန်တွင် စီးပွားရေးကျဆင်းမှုမှ တရားဝင်လွတ်မြောက်လာခဲ့ပြီဖြစ်ပါသည်။

Destatis မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ ဧပြီလမှ ဇွန်လအထိ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း သုညဖြစ်ကြောင်း ဖော်ပြနေပေသည်။

၂၀၂၂ခုနှစ်၏ စတုတ္ထသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ ပြီး၊ ၂၀၂၃ ခုနှစ်၏ ပထမသုံးလပတ်တွင်မူ ယခင်သုံးလပတ်များအသီးသီးနှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ဂျာမန်စီးပွားရေးသည် ပြီးခဲ့သည့်လေးလပတ်နှစ်ခုတွင် အနည်းငယ် ကျဆင်းခဲ့ပြီးနောက် နွေဦးရာသီ၌ တည်ငြိမ်လာခဲ့ပြီဖြစ်ကြောင်း Destatis ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Ruth Brand က ပြောကြားခဲ့သည်။

စားသုံးမှုများပိုမိုများပြားလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းတို့သည် ဂျာမန်စီးပွားရေးကို များစွာပံ့ပိုးပေးခဲ့ပါသည်။ သုံးလပတ်နှစ်ပတ်ဆက်တိုက် စီးပွားရေးကျဆင်းသွားပြီးနောက် စားသုံးသူများ၏ အသုံးစရိတ်သည် ၂၀၂၃ခုနှစ် ဒုတိယသုံးလပတ်တွင် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်းခန့် အနည်းငယ် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ စားသုံးသူ များ၏ အသုံးစရိတ်များ မြင့်တက်လာမှုကြောင့်  ဒုတိယသုံးလပတ်တွင် အပြုသဘောဆောင် သော တိုးတက်မှုများရရှိခဲ့ကာ စက်များနှင့်ကားများအတွက် ကိရိယာတန်ဆာပလာများ ထုတ်လုပ်သည့်လုပ်ငန်းကဲ့သို့သော လုပ်ငန်းများတွင် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀.၆ ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာကြပါသည်။

သို့သော်လည်း Destatis ၏ ထုတ်ပြန်ချက်အရ ဂျာမန်ဂျီဒီပီအတွက် အရေးကြီးသော ပြည်ပပို့ကုန်တင်ပို့မှုများသည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် ၁.၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး၊ အဆိုပါကာလများအတွင်း သွင်းကုန်များသည်လည်း ၁.၈ ရာခိုင်နှုန်းခန့် ပိုမိုကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

အခြားသော စီးပွားရေးအချက်အချာကျသည့် အနောက်နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ပါက အီတလီ နိုင်ငံတစ်နိုင်ငံတည်းသာလျှင် ဒုတိယသုံးလပတ်တွင် တိုးတက်မှုနှုန်း ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဂျာမနီထက် ရလဒ်ပိုဆိုးခဲ့ကာ အမေရိကန်သည် စီးပွားရေးတိုးတက်မှုနှုန်း ၀.၆ ရာခိုင်နှုန်း၊ ပြင်သစ်သည် ၀.၅ ရာခိုင်နှုန်းနှင့် ယူရိုဇုန်တစ်ခုလုံးအနေဖြင့် ၀.၃ ရာခိုင်နှုန်းအသီးသီး တိုးတက်မှုရှိခဲ့ကြောင်း Destatisမှ ထုတ်ပြန်ထားပါသည်။

ဂျာမနီ၏ ငြီးငွေ့ဖွယ်ကောင်းနေသော စီးပွားရေးသည် တတိယသုံးလပတ်အထိ မပြောင်းမလဲ ဆက်လက်တည်ငြိမ်နေလိမ့်မည်ဟု ဂျာမန် Bundesbank က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ စတုတ္ထ သီတင်းပတ်အစောပိုင်းတွင်s ခန့်မှန်းထားခဲ့သည်။ ဂျာမနီအနေဖြင့် စီးပွားရေးအားပျော့သည့် ကာလကို တွေ့ကြုံနေရဆဲဖြစ်ကြောင်း ၎င်းဘဏ်၏လစဉ်အစီရင်ခံစာတွင် ထုတ်ဖော်ပြောကြားထားခဲ့ပါသည်။

ထို့ပြင် ဂျာမနီသည် ယခုနှစ်အတွက် တစ်ခုတည်းသော စီးပွားရေးကျုံ့သွားနိုင်သည့် နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း IMF ကလည်း ခန့်မှန်းထားသည်။

စွမ်းအင်စျေးနှုန်းများ ကျဆင်းသွားခြင်းကြောင့် ဂျာမနီ၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းသည် တဖြည်းဖြည်းကျဆင်းသွားကာ ဇူလိုင်လတွင် ၆.၂ ရာခိုင်နှုန်း၌ ရှိနေခဲ့သော်လည်း ယင်းဖောင်းပွ မှုနှုန်းမှာ ဥရောပဗဟိုဘဏ် (European Central Bank- ECB) က သတ်မှတ်ထားသော ၂ ရာခိုင်နှုန်း အထက်တွင် သိသာစွာ ကျော်လွန်နေဆဲ ဖြစ်ပါသည်။

 

 

 

 

Source:         https://www.dw.com/en/german-economy-stagnates-in-second-quarter/a-66627950

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany