Korea

ရေနံစိမ်းဈေးနှုန်းမြင့်မားခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၃ ရာခိုင်နှုန်းအထက်သို့ရောက်လာဖွယ်ရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ၂.၃ ရာခိုင်နှုန်းအထိ ရောက်ရှိကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် ၃ ရာခိုင်နှုန်းအထက်သို့ရောက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်မားခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုအတွက် အရေးပါသော စက်သုံးဆီဈေးနှုန်းများလည်း မြင့်မားလာသည့်အတွက် ငွေကြေးဖောင်းပွနှုန်းမြင့်မားမည်ဟု ခန့် မှန်းရကြောင်း လေ့လာသူများကဆိုကြပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရာသီဥတုအပေါ် မှီခိုနေသော ကုန်စည်များသည် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရောင်းလိုအား လျော့ကျခဲ့ခြင်းကလည်း ငွေကြေး ဖောင်းပွနှုန်းကို မြင့်မားစေသည်ဟု လေ့လာသူများကဆိုကြပါသည်။ လယ်ယာထွက်ကုန်များ ဈေးမြင့်မှုကို စက်တင်ဘာလကုန်မှ နိုဝင်ဘာလဆန်းတွင် ကျရောက်မည့် ကောက်သစ်စားပွဲတော် အားလပ်ရက် (Chuseok Holiday) တွင် ထပ်မံကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စားသုံးသူ ဈေးနှုန်းများသည် အဆိုပါကာလများတွင် ၃ ရာခိုင်နှုန်းအထက်သို့ ရောက်လာဖွယ်ရှိသည်ဟု တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသုတေသနသိပ္ပံ (Korea Economic Research Institute-  KERI) ရှိ စီးပွားရေးမူဝါဒအဖွဲ့ခေါင်းဆောင် Lee Sang-ho ကပြောကြားခဲ့ပါသည်။ တောင်ကိုရီး ယားနိုင်ငံဗဟိုဘဏ် (Bank of Korea- BOK) ကလည်း ၂၀၂၃ ခုနှစ်၏ ကျန်ရှိကာလများတွင် ငွေကြေးဖောင်းပွနှုန်းသည် ၃ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိနေမည်ဖြစ်ပြီး မျှော်မှန်းထားသည့် နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းဖြစ်သည့် ၃.၅ ရာခိုင်နှုန်းနှင့်အညီ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။ 

 

 

 

.Source; The Korea Times

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea