China (Kunming)

လွတ်လပ်သောကုန်သွယ်ရေးဇုန်များသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ ကုန်တင်၊ ကုန်ချဂိတ်တစ်ခုအနီးတွင် ဂိတ်လုပ်သားများသည် အအေးခန်း ကုန်သေတ္တာတစ်ခုပေါ်မှ ဒူးရင်းသီးသေတ္တာများကို ထရပ်ကားတစ်စီးပေါ်သို့ သယ်ယူတင်ဆောင်နေကြသည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့မှ တရုတ်-လာအို မီးရထားလမ်းဖြင့် ကူမင်းမြို့သို့ (၂၆) နာရီကြာ ခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီးများ တင်သွင်းလာပြီး ချုံကင်းမြို့သို့ ကားလမ်းဖြင့် ဆက်လက်ပို့ဆောင် ရောင်းချမည်ဖြစ်သည်။

ယင်းကုန်တင်၊ ကုန်ချဂိတ်သည် ကူမင်းမြို့ China United International Rail Container Co.,Ltd (CRIntermo dal) ၏ China (Yunnan) Pilot Free Trade Zone (FTZ) တွင် တည်ရှိပြီး တရုတ်-လာအို မီးရထားလမ်းကို အသုံးပြု၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။ အဆိုပါ မီးရထားလမ်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အချိန်မှစ၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ လာအိုနိုင်ငံသို့ ကုန်စည်တန်ချိန် ၂၂၄,၀၀၀ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး လာအိုနိုင်ငံမှ ကုန်စည်တန်ချိန် ၃၁၂,၆၀၀ တန် တင်သွင်းနိုင်ခဲ့သည်။

ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ယူနန်ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန် (Yunnan Pilot Free Trade Zone) သည် Belt and Road နှင့် Yangtze River Economic Belt အကြား ဆက်သွယ်မှုကို မြှင့်တင်ရန်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးမည့် အဓိကစင်္ကြံ၏ အရေးကြီးသော ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စက်တင်ဘာလတွင် ရှန်ဟိုင်းမြို့၌ ၎င်း၏ ပထမဆုံးသော ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို တည်ထောင်ခဲ့ပြီး အချိန်မှစ၍ တရုတ်နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးဇုန် (၂၀) ခုနှင့် ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတို့ကို ထပ်မံတည်ထောင်နိုင်ခဲ့သည်။

မတူညီသော မဟာဗျူဟာမြောက် တည်နေရာအနေအထားနှင့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် (pilot FTA) များ သည် ၎င်းတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများနှင့် အားသာချက်များကို အပြည့်အဝဖော်ဆောင်နိုင်ကြသည်။ ယင်းမှာ အဖွဲ့အစည်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများ၏ အောင်မြင်မှုများကို ဖော်ဆောင်နိုင်သည့် အရင်းအမြစ်တစ်ခုဖြစ်ရန်၊ ကမ္ဘာ့ထိပ်တန်းစက်မှုလုပ်ငန်းစုများကို စုဖွဲ့တည်ထောင်နိုင်ရန်နှင့် တိုင်းပြည်၏ အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုသို့ ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရန် မြှင့်တင်ပေးလျက်ရှိသည်။

သိသာထင်းရှာသည့် ဥပမာတစ်ခုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်မှု ခွင့်ပြုပေးထားသည့် ရှန်ဟိုင်း လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် ကန့်သတ်ကုန်စည်စာရင်း (Negative List) ကို စဉ်ဆက်မပြတ် လျော့ချလာနိုင်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပထမဆုံး ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ ကန့်သတ်ကုန်စည်စာရင်း (Negative List) ကို ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့ပြီးအချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ပထမဆုံးပြင်ဆင်မှုတစ်ခုအဖြစ် ခုနှစ်ကြိမ် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၌ စာရင်းပါ ကုန်စည်အရေအတွက်ကို ၁၉၀ မျိုးမှ ၂၇ မျိုးအထိ လျော့ချနိုင်ခဲ့သည်။

အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံများနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ထားသော နယ်စပ်ဒေသဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဇူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွမ်ရှီး လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် အာဆီယံနိုင်ငံများ၏ ရင်ဆိုင်နေရသော နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက် စင်္ကြံသစ်တစ်ခုဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းအပြင် ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမနှင့် ပိုးလမ်းမ စီးပွားရေးလမ်းကြောင်း (Silk Road Economic Belt) တို့ကို ချိတ်ဆက်ပေးနိုင်သည့် အရေးကြီးသော ဂိတ်ပေါက်တစ်ခုဖြစ်လာရန်လည်း ကြိုးပမ်းလျက်ရှိသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်း လွတ်လပ်သောကုန်သွယ်ရေးဇုန်များ၌ အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှု (၃၀၀) ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီခြင်း၊ ကုန်သွယ်မှုဆိုင်ရာဖြေလျော့ခြင်း၊ ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အခြားနယ်ပယ်ကိစ္စရပ်များ၌ တစ်နိုင်ငံလုံးလိုက်နာကျင့်သုံးရန် ပြဌာန်းနိုင်ခဲ့သည်။ လွတ်လပ်သောကုန်သွယ်ရေးဇုန်များ မြှင့်တင်ခြင်းနှင့် ဇုန်များ၏ အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အား တစ်ခုဖြစ်သည့် လွတ်လပ်သောကုန် သွယ်ရေးဇုန် (FTA) များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး နိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2023/0928/c90000-20078054.html

(စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ(ကူမင်းမြို့))

Category: China (Kunming)