Phillippines

ဖိလစ်ပိုင်နိုင်ငံမှ ဒီဇင်ဘာလအတွင်း ကြက်သွန်နီ တန်ချိန် ၂၁,၀၀၀ တင်သွင်းရန်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်ဒီဇင်ဘာလအတွင်း ကြက်သွန်နီတန်ချိန် ၂၁,၀၀၀ တင်သွင်းရန်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၊ Bureau of Plant and Industry မှ ၂၇-၁၁-၂၀၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ လာမည့် ခရစ္စမတ်ရာသီအတွင်း ကြက်သွန်နီပြတ်လပ်ပြီး ဈေးနှုန်းမတက်စေရန်နှင့် လိုအပ်သည့်ပမာဏအား ဖြည့်တင်းနိုင်ရေး တင်သွင်းသွားမည်ဖြစ်ကြောင်း၊ တစ်ကီလိုလျှင် ပီဆို-၁၀ မှ ပီဆို-၂၀ ထိ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့သော်လည်း ကြက်သွန်နီ လက်ကျန်ကုန်လုနီးပါးထိ ဈေးကွက်တွင်း ဖြန့်ချိထားပါကြောင်း၊ လာမည့်လအတွက် အလုံအလောက် အချိန်မီ တင်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ပြည်တွင်းကြက်သွန်နီမှာ တစ်ကီလိုလျှင် ပီဆို-၁၄၀ မှပီဆို-၁၈၀ထိဈေးရှိပါကြောင်း၊ လာမည့်သတင်းပတ်အတွင်း ဈေးနှုန်းကျဆင်းလာနိုင်ပါကြောင်း၊ကြက်သွန်နီတင်သွင်းထားမှုများ ပြည်တွင်းဈေးကွက်သို့ အလုံးအရင်းဝင်ရောက်ခဲ့သည့် ကိစ္စအပေါ် ရှင်းလင်းတင်ပြရန် လွန်ခဲ့သောလက ဖိလစ်ပိုင် လွှတ်တော်မှ စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနသည် လွှတ်တော်စိုက်ပျိုးရေးနှင့် အစားအစာဌာနမှ မေးမြန်းထားသည့်အပေါ် Bureau of Plant and Industry ၏ ဖြေကြားမှုအား ဌာနတွင်း စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်း၊ Bureau of Plant and Industry မှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်များအား အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းထားရှိမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများအပေါ် ပြန်လည်သုံးသပ်လျက်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

တစ်လတာခံ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များအတွက် ဌာနတွင်း လုပ်ငန်းစဉ်ဆောင်ရွက်မှုသည် ရက်ပေါင်း (၆၀) ခန့်ကြာမြင့်လေ့ရှိသဖြင့် တင်သွင်းရောက်ရှိလာမည့် ဟင်းသီးဟင်းရွက်များအတွက် ပိုမိုထိရောက်သော လုပ်ငန်းစဉ် အချိန်မီဆောင်ရွက်ပေးနိုင်မှု၊ အအေးခန်း ထိန်းသိမ်းထားရှိမှုဆိုင်ရာလုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းများ ချမှတ်ပေးသွားရန် လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။

လက်ရှိ ဖိလစ်ပိုင်နိုင်ငံသို့ ကြက်သွန်နီ တင်သွင်းခွင့် ရရှိထားသောနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ကိုရီးယား၊ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ပါကြောင်း၊ ကြက်သွန်နီ တင်သွင်းခွင့် လိုင်စင်ရရှိထားသော ကုမ္ပဏီပေါင်း (၁၆၈) ခုရှိပါကြောင်း၊ လက်ရှိမူဝါဒအရ ဖိလစ်ပိုင်နိုင်ငံသို့ ကြက်သွန်နီ တင်ပို့ရောင်းချလိုပါက တင်ပို့လိုသည့်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား G-G သာဆောင် ရွက်နိုင်ပါသည်။

မြန်မာ့ကြက်သွန်နီ ဖိလစ်ပိုင်နိုင်ငံသို့ G-Gတင်ပို့နိုင်ရေးအတွက် ပထမဦးစွာ ကြက်သွန်နီ အရည် အသွေးစစ်ဆေးနိုင်ရေးဦးစွာ Trial Shipment ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေးပို့နိုင်ရန်  မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ Philippines International Trade Corporation (PITC)၊ Bureau of Plant and Industry  တို့အကြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

 

 

Source;https://www.cnnphilippines.com/news/2023/11/27/PH-to-import-21-000-MT-of-onions-in-December---DA-.html?utm_source=izooto& utm_medium=push_notifications&utm_campaign=PH%20to%20import%2021,000%20MT%20of%20onions%20in%20December%20%E2%80%93%20DA

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines