ထိုင်းနိုင်ငံ၏ ပြည်တွင်းမော်တော်ကားရောင်းဝယ်မှု အားနည်းနေသော်လည်း အစိုးရ၏ လျှပ်စစ်မော်တော်ကားမူဝါဒများမှ အကျိုးကျေးဇူးရရှိနိုင်ရန်ရည်ရွယ်၍ ပြင်သစ်တာယာ ထုတ်လုပ်သူ Michelin ကုမ္ပဏီက ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ထိုင်းနိုင်ငံတွင်း တိုးချဲ့သွားရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကုမ္ပဏီအနေဖြင့် တီထွင်ဆန်းသစ်သောကုန်ပစ္စည်းများနှင့် နည်းပညာများကို မိတ်ဆက်ခြင်းဖြင့် ရောင်းအားကိုတိုးမြှင့်သွားလိုကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးခြင်းနှင့် ကုန်ပစ္စည်းများကို အဆင့်မြှင့်တင်ခြင်းတို့တွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ယခင်ဝန်ကြီးချုပ် Mr. Srettha Thavisin ပြင်သစ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင် ဆွေးနွေးမှုများရှိခဲ့ပါကြောင်း၊ ကုမ္ပဏီသည် တာယာပြုလုပ်ရန် ၁ နှစ်လျှင် ရာဘာတန်ချိန် ၇၀၀ ဘီလီယံကျော် အသုံးပြုပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လာမည့် ၃ နှစ် အတွင်း ထိုင်းနိုင်ငံ၌ ၎င်း၏ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားရန် စီစဉ်ထားပါကြောင်း၊ ၁၉၈၇ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့သော Michelin သည် စက်ရုံ ၅ ရုံနှင့် အလုပ်သမား ၈,၀၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၅၀ ဘီလီယံရှိပါကြောင်း ကုမ္ပဏီ ဒါရိုက်တာ Mr. Cyrille Roget က ပြောကြားခဲ့ပါသည်။
စက်ရုံများမှ ၁ နှစ်လျှင် တာယာ ၉.၁ သန်း ထုတ်လုပ်လျက်ရှိပြီး ၁၆ သန်းထိ တိုးမြှင့်ထုတ်လုပ်နိုင်ကြောင်း၊ စက်ရုံမှ ထွက်ရှိသော ကုန်ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းကို တင်ပို့လျက်ရှိပြီး ပြည်တွင်း၌ ၄၀ ရာခိုင်နှုန်းရောင်းချပါကြောင်း၊ မော်တော်ကားစက်မှုနှေးကွေးနေသဖြင့် တာယာစက်မှုအပေါ် သက်ရောက်မှုရှိသော်လည်း အစိုးရ၏ လျှပ်စစ်မော်တော်ကား မက်လုံးပေးမူဝါဒကြောင့် တာယာအတွက် ဝယ်လိုအားတိုးတက်လာနိုင်ကြောင်း၊ အိမ်ထောင်စုကြွေးမြီမြင့်တက်လာသောကြောင့် မော်တော်ကားချေးငွေအပေါ် ဘဏ်များ၏ သတ်မှတ်ချက်တင်းကျပ်လာသဖြင့် ပြည်တွင်းမော်တော်ကား ရောင်းအားကျဆင်းလျက်ရှိကြောင်း ထုတ်လုပ်မှုလုပ်ငန်းစိတ် ဒုတိယ ဥက္ကဋ္ဌ Mr. Thirapol Muengnao က ဖြည့်စွက်ပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့် ကမ္ဘာအဝှမ်းရှိ ၎င်း၏ တာယာထုတ်လုပ်ခြင်းများတွင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို ခိုင်ခိုင်မာမာ လက်ခံကျင့်သုံးလျက်ရှိပါကြောင်း၊ လက်ရှိတွင် ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကို ၃၀ ရာခိုင်နှုန်း အသုံးပြုလျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းထိ တိုးမြှင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။