Thailand

အမေရိကန်၏ အခွန်နှုန်းထားတိုးမြှင့်နိုင်သည့် အလားအလာသည် ထိုင်းပို့ကုန်များအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း TBM-Thanachart Bank (ttb) ပညာရှင်များက ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် သိသာသောကုန်သွယ်ရေးဝေစုရှိသဖြင့် အမေရိကန်၏ အခွန်နှုန်းထားတိုးမြှင့်နိုင်သည့် အလားအလာသည် အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံပို့ကုန်အတွက် သက်ရောက်မှုအများဆုံးဖြစ်နိုင်ကြောင်း TBM-Thanachart Bank (ttb) ပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရပြီးနောက် သွင်းကုန်အခွန်တိုးမြှင့်ခြင်းအပါအဝင် ပြင်းထန်သောမူဝါဒများကို ချမှတ်ကျင့်သုံးလာနိုင်မည်ဟု ခန့်မှန်းရပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် အမေရိကန်သို့ တင်ပို့လျက်ရှိသော ထိုင်းပို့ကုန်စုစုပေါင်း ၏ ၂၅ ရာခိုင်နှုန်းကို သက်ရောက်နိုင်ဖွယ်ရှိကြောင်း၊ ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်သည် ကမ္ဘာ့ သွင်းကုန်အခွန်ကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်နိုင်မည်ဟု ခန့်မှန်းရပါကြောင်း၊ တရုတ်ပို့ကုန်များအပေါ် သိသိသာသာ တိုးမြှင့်ကောက်ခံနိုင်ပြီး ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်း၊ အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းကုန်သွယ်မှုနိုင်ငံဖြစ်ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန် ၄၇.၉ ဘီလီယံရှိသဖြင့် နိုင်ငံ၏စုစုပေါင်းပို့ကုန်၏ ၁၇.၁ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်သည် အမေရိကန်နှင့် ကုန်သွယ်ရေးဝေစု ၂၉.၅ ရာခိုင်နှုန်းဖြင့် ဒေသတွင်းတွင် ထိပ်တန်းတင်ပို့သူဖြစ်ကြောင်း ဘဏ်၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်ထောက်ပံ့ရေးကွင်းဆက်များနှင့် နီးကပ်စွာချိတ်ဆက်နေသော အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးပစ္စည်းများသည် ထိခိုက်မှုများနိုင်ကြောင်း၊ ယင်းကုန်စည်များသည် အမေရိကန်သို့တင်ပို့လျက်ရှိသည့် ထိုင်းပို့ကုန်၏ ၂၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အမေရိကန်သို့ ဒုတိယ အများဆုံးတင်ပို့လျက်ရှိသည့် ကုန်စည်မှာ ဆိုလာပြားများဖြစ်ပြီး ထိခိုက်မှုများနိုင်ကြောင်း၊ Hard disk drive ထုတ်လုပ်ရာတွင် ကမ္ဘာ့ဦးဆောင်ထုတ်လုပ်သူဖြစ်သော ထိုင်းနိုင်ငံအတွက် သက်ရောက်မှုကြုံတွေ့နိုင်ကြောင်း၊ တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်အခွန်များကြောင့် ယင်းကုန်ပစ္စည်းများသည် ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပြီး ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်အပေါ် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါသည်။

ဒေသတွင်းတွင် ထိုင်းနိုင်ငံနှင့်အပြိုင် ဗီယက်နမ်နှင့် မလေးရှားတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိပြီး အထူးသဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ စက်မှုလုပ်ငန်းများအတွက်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသည် အသားတင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံသာ ဖိတ်ခေါ်နိုင်ခဲ့သဖြင့် ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ဗီယက်နမ်သည် နှစ်နိုင်ငံနှင့် နိုင်ငံစုံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များမှ အကျိုးကျေးဇူးများရရှိခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ပို့ကုန်ကဏ္ဍတွင် စိန်ခေါ်မှုများမြင့်တက်လာ သဖြင့် ထိုင်းအစိုးရအနေဖြင့် အမေရိကန်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုကို မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရန်နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များညှိနှိုင်းမှုကို အရှိန်မြှင့်တင်ရန် အကြံပြုထားပါသည်။

ပုဂ္ဂလိကကဏ္ဍကို အားပေးသည့်မူဝါဒများသည် ယှဉ်ပြိုင်မှုကိုတိုးမြှင့်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်းမြင့်တက်စေပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း မဟာဗျူဟာများကိုလက်ခံရန်၊ ယှဉ်ပြိုင်မှုကိုခိုင်မာစေရန်နှင့် ကုန်သွယ်ရေးပဋိပက္ခမှ ကာလရှည်ဆုံးရှုံးနိုင်ခြေကိုလျှော့ချရန်အတွက် ဈေးကွက်သစ်များရှာဖွေရန် ပညာရှင်များက တိုက်တွန်းထားပါသည်။         

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand