Phillippines

ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှုအပေါ် ပိုမိုထိန်းချုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းတောင်သူများထံမှ တိုက်ရိုက်ဝယ်ယူသွားရန်ရှိ

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနသည် စပါးရိတ်သိမ်းချိန်ကာလအတွင်း ဆန်လုပ်ငန်းကဏ္ဍအား ပိုမိုတင်းကျပ်စွာ ထိန်းချုပ်သွားရန် နည်းလမ်းများရှာဖွေလျက်ရှိပြီး ဆန်သိုလှောင်ရုံများနှင့် ဆန်တင်သွင်းသူများကို လိုအပ်သည့် စစ်ဆေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။ Rice Competitiveness Enhancement Fund (RCEF) အား သက်တမ်းတိုးမည့်အပေါ် အောက်လွှတ်တော်စိုက်ပျိုးရေး ကော်မတီတွင် ဆွေးနွေးရာ၌ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဌာန ဒုတိယဝန်ကြီးမှ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါသဘောထားမှတ်ချက်များအနက် ဆန်တင်သွင်းရာတွင် လိုအပ်သည့် Sanitary and Phytosanitary Import Clearances (SPSICs) ထုတ်ပေးမှုအပေါ် ကန့်သတ်ချက်များ အချိန်မီ သတ်မှတ်ရန်၊ စပါးရိတ်သိမ်းချိန်ကာလအတွင်း တင်သွင်းမည့်ဆန်များ ရောက်ရှိမှုအပေါ် အစိုးရ၏ ထိန်းချုပ်မှုများကို ပိုမိုတင်းကြပ်သွားရန်၊ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ဌာန အဖွဲ့အစည်းဖြစ်သော Bureau of Plant and Industry (BPI) သည် ပြည်ပမှ ဆန်တင်သွင်းမှု များအတွက် SPSICs ထုတ်ပေးသည့် ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ထုတ်ပေးနိုင်ခြင်း မရှိကြောင်းနှင့် BPI ဌာနသည် SPSICs စံနှုန်းများနှင့် ကိုက်ညီမှုရှိ/မရှိ မှတ်ပုံတင်ထားသည့် ကုန်သိုလှောင်ရုံများကို ပုံမှန်စစ်ဆေးမှုပြုလုပ်ရန် တာဝန်ရှိပါကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့ပြင် RCEF အား ၂၀၃၀ ခုနှစ်ထိ သက်တမ်းတိုးရန် အဆိုပြုထားပါကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့် Rice Tariffication Law-RTL  အရ ပြည်တွင်းဆန်တောင်သူများအတွက် လိုအပ်သည့် မျိုးစေ့များ၊ စက်ပစ္စည်းများ၊ သင်တန်းများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ပေးရန် နှစ်စဉ် ပီဆို ၁၀ ဘီလီယံ ရန်ပုံငွေရရှိပါသည်။ အဆိုပါ RCEF ရန်ပုံငွေသည် ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ သက်တမ်းဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆို ပြုတင်ပြထားလျက်ရှိပါသည်။ အကယ်၍ ဆန်တင်သွင်းမှုမှ အခွန်ကောက်ခံရရှိမှု ပီဆို ၁၀ ဘီလီယံထက်ပိုမိုပါက ပြည်တွင်းတောင်သူများအတွက် Financial Assistance, Crop Diversification, Water Impounding System, Watershed Rehabilitation and Development စသည့် အစီအစဉ် ၄ ခုအတွက် ခွဲဝေသုံးစွဲသွားမည့် ကိစ္စကိုလည်း ထပ်မံအဆိုပြုခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

တချိန်တည်းမှာပင် ဖိလစ်ပိုင် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့ (National Food Authority-NFA) သည် ပြည်တွင်းတောင်သူများထံမှ ဆန်များကို ဆန်အရန်ရိက္ခာဖူလုံမှု ရှိစေရန် တိုက်ရိုက်ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ NFA အနေဖြင့် ပြည်တွင်းဆန်တောင်သူများထံမှ ဆန်ဝယ်ယူနိုင်ရေး ဖြစ်နိုင်ချေနည်းလမ်းများ ရှာဖွေလျက်ရှိပါကြောင်း၊ NFA သည် စပါး (သို့မဟုတ်) unmilled rice များကို ပြည်တွင်းတောင်သူများထံမှ ပုံမှန်ဝယ်ယူလျက်ရှိသည့် အစိုးရဌာနတစ်ခုဖြစ်ပြီး RTL အရ ပြည်တွင်းတောင်သူများထံမှ ဆန်တိုက်ရိုက်ဝယ်ယူခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ဆန်လိုအပ်ချက်ရှိသည့် အရေးပေါ်အခြေအနေမှသာ ဝယ်ယူခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

NFA အနေဖြင့် ဦးစားပေးဝယ်ယူရန်မှာ စပါး (သို့မဟုတ်) unmilled rice သာဖြစ်ပါကြောင်း၊ ပြည်တွင်း တောင်သူများထံမှ စပါးတိုက်ရိုက်ဝယ်ယူခြင်းကသာ တောင်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီ ကြိတ်ခွဲပြီးဆန် ဝယ်ယူခြင်းသည် တောင်သူများအတွက် တိုက်ရိုက်အကျိုးမရှိစေကြောင်း၊ ပြည်တွင်း၌ ဆန်ရိက္ခာဖူလုံမှုမရှိခြင်းအပါအဝင် အခြားသော အခက်အခဲများရှိပါက ပြည်တွင်းတောင်သူများထံမှ ဆန်တိုက်ရိုက် ဝယ်ယူခွင့်အတွက် ယခုထက် ပိုမိုသင့်တော်သည့် နည်းလမ်းများရရှိလိုကြောင်း NFA မှ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

NFA အနေဖြင့် ပြည်တွင်းတောင်သူများထံမှ ဆန်တိုက်ရိုက်ဝယ်ယူခြင်းသည် ဈေးကွက်အတွင်းရှိ ဆန်ကုန်သွယ်များနှင့် ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ “Safety net” နည်းလမ်းတစ်ခုကဲ့သို့ပင်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါသည်။

NFA မှ အမြင့်ဈေးနှုန်း (new pricing scheme) ဖြစ်သော စပါးဝယ်ယူရေး မဟာဗျူဟာတစ်ခု အသုံးပြု၍ တောင်သူများထံမှ ဝယ်ယူသွားရန်ရှိပြီး ထူးခြားသည့် အပြောင်းအလဲ တစ်ခုဖြစ်ပါကြောင်း၊ ထို့သို့စပါးဝယ်ဈေးနှုန်း မူဝါဒအသစ်ပြောင်းလဲရခြင်းမှာ ပုဂ္ဂလိက ဆန်ကုန်သည်များကြား ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းရှိတောင်သူများ၏ ဝင်ငွေမြင့်မားလာစေရန်ဖြစ်ပါကြောင်း၊ The Rice Tarifficatioin Law အရ NFA အနေဖြင့် အရေးပေါ်ဆန်ရိက္ခာအတွက်နှင့် နှစ်အလိုက် သတ်မှတ်ထားသည့် ပြည်တွင်းအရန်ဆန်ရိက္ခာ အတွက်သာ ဝယ်ယူခွင့်ရှိပြီး အရေးပေါ်အရန်ဆန် ရိက္ခာလိုအပ်ချက်ရှိမှသာ တိုက်ရိုက်ဝယ်ယူခွင့်ရှိသည်ဟု Rice Tariffication Law အရ ကန့်သတ်ထားပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://www.philstar.com/business/2024/04/30/2351368/tighter-control-over-rice-imports-direct-buying-farmers-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines