Thailand

ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement –FTA) ဆွေးနွေးသွားနိုင်ရေးအတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent-LoI) လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ညှိနှိုင်းရေးဆိုင်ရာ အရှိန်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent -LoI) ကို ၂၆-၄-၂၀၂၄ ရက်နေ့တွင် နှစ်နိုင်ငံ ဝန်ကြီးချုပ်ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားခဲ့ပါသည်။

လက်မှတ်ရေးထိုးပွဲတွင် ထိုင်းနှင့် ဘင်္ဂလားဒေ့နိုင်ငံ့ဝန်ထမ်းများ၏ ခရီးသွားလာမှုလွယ်ကူ ချောမွေ့စေရန်ရည်ရွယ်၍  အထူးနိုင်ငံကူးလက်မှတ် (Official Passport) ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (၁) ခု၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးရရှိနိုင်ရေးအတွက် စွမ်းအင်ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ထိရောက်သော နယ်စပ်ထိန်းချုပ်မှုနှင့် မှောင်ခိုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွက် အကောက် ခွန်ဆိုင်ရာ အပြန်အလှန် အထောက်အကူပေးနိုင်ရေး နားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံ၏ ခရီး သွားလုပ်ငန်းကဏ္ဍရှိ ဗဟုသုတ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများ မျှဝေရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ စုစုပေါင်း နားလည်မှုစာချွန်လွှာ (၃) ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Halal နှင့် အစားအစာထုတ်လုပ်သည့် ကဏ္ဍအပါအဝင် စိုက်ပျိုးရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ နိုင်ငံသားတို့၏ အစားအစာ လုံခြုံ စိတ်ချရေးအတွက် ရင်းမြစ်များ အသုံးချရေးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးမြှင့်တင်ရေးအတွက် အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှုမြင့်တက်ရေးတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ ရနောင်းဆိပ်ကမ်းနှင့် စစ်တကောင်း (Chittagong) ဆိပ်ကမ်း တို့ကို တိုက်ရိုက်သင်္ဘောလိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ ရှိရာ ကုန်သွယ်မှုပိုမိုတိုးတက်နိုင်ရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန်နှင့် လွယ်ကူချောမွေ့စေရေးအတွက် စီးပွားရေး လုပ်ငန်းဆိုင်ရာ လွယ်ကူစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့် နည်းလမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆောင်ရွက်ရန် တွန်းအားပေးလိုကြောင်း၊ ယခုနှစ် BIMSTEC ညီလာခံကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး လာမည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွးမည် ဖြစ်ကြောင်း၊ BIMSTEC သည် ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်သူဖြစ်ကြောင်း ဝန်ကြီး ချုပ် Mr. Srettha က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် မိမိနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များ အကျိုးကျေးဇူးများခံစားနိုင်ရေးအတွက် စီးပွားရေးသံတမန်နည်းလမ်းကို အသုံးပြု၍ ကုန်သွယ်ဖက်နိုင်ငံများနှင့် FTA များ တတ်နိုင်သမျှ လက် မှတ်ရေးထိုးနိုင်‌ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် FTA ဆွေးနွေးနိုင်ရေး ကနဦးဆောင်ရွက်မှုအနေဖြင့် LoI လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand