Thailand

တရုတ်နိုင်ငံသို့ ထိုင်းသစ်သီးများ တင်ပို့နိုင်ရေးအတွက် လာအိုနိုင်ငံရှိ Boten နှင့် တရုတ်နိုင်ငံရှိ Mohan စစ်ဆေးရေးဂိတ်များသို့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်ရန်ရှိ

Last Updated:

ထိုင်းသစ်သီးများ တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်‌ရေးအတွက် လာအိုနိုင်ငံရှိ Boten နှင့် တရုတ်နိုင်ငံရှိ Mohan စစ်ဆေးရေးဂိတ်များသို့ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သွားရောက်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။     

ဒူးရင်းသီး၊ မင်းဂွတ်သီး၊ နိုင်ငံတွင်းရှိ ဒေသတိုင်းမှ ထွက်ရှိသည့် လေချူသီး၊ လျှပ်စစ်ထရန် စဖော်မာနှင့် သံသတ္တုရိုင်းတို့ကို ချင်းရိုင်ပြည်နယ်ရှိ Chiang Khong R3A လမ်းကြောင်းမှ တရုတ်နိုင်ငံရှိ ကူမင်းသို့ အကွာအဝေး ၁,၂၄၀ ကီလိုမီတာရှိသော အတိုဆုံးလမ်းကြောင်းဖြစ်သည့် လာအိုရှိ Boten စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတင်ပို့သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးသည် ထိုင်းနှင့် တရုတ်ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် ယူနန်ပြည်နယ်ရှိ Xishuangbanna Dai Autonomous Prefecture အုပ်ချုပ်ရေးမှူးနှင့် Jinghong မြို့တော်ဝန်တို့နှင့်တွေ့ဆုံသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ စွံပလွံသီး၊ ရေငန်းသီးနှင့် ကျွဲနွားအရှင်များ စသည့်သတ်မှတ်ကုန်စည်များ တင်သွင်းခွင့်နှင့် စပ်လျဉ်း၍ တရုတ်အကောက်ခွန်ဦးစီးဌာန၏ ခွင့်ပြုချက်ရရှိရေး အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Wittayakorn Maneenetr က ပြောကြားခဲ့ပါသည်။

ဝန်ကြီးသည် ထိုင်းနိုင်ငံရှိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ လယ်ယာထုတ်ကုန်များ၊ အဖျော် ယမကာနှင့် လူသုံးကုန်ပစ္စည်း တင်သွင်းမှုတို့တွင် စိတ်ပါဝင်စားသော တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံရန်လျာထားပါကြောင်း၊ ဝန်ကြီးအနေဖြင့် နိုင်ငံ၏ ပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုခရီးစဉ်သည် လာအိုနှင့် တရုတ်နိုင်ငံတို့ရှိ စစ်ဆေးရေးဂိတ်များမှ သစ်သီးများတင်ပို့မည့် ထိုင်းလုပ်ငန်းရှင်များ၏ ယုံကြည်မှုမြင့်တက်စေရုံ သာမက အနာဂတ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် အထောက်အကူပြုပါကြောင်း Mr. Wittayakorn က သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ထိုင်းသစ်သီးများ တင်ပို့မှု လွယ်ကူချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏ ယုံကြည်မှုရရှိစေရေးအတွက် စစ်ဆေးရေး ဂိတ်များသို့ သွားရောက်၍ မြေပြင်အခြေအနေ လေ့လာခြင်းဖြစ်ပါသည်။ အနာဂတ်တွင် တိုးမြှင့် တင်ပို့မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များအတွက်လည်း အထောက်အကူပြုစေရန် ရည်ရွယ်၍ ကုန်သွယ်ရေးဆိုင်ရာ ခရီးစဉ်တစ်ခု စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand