Thailand

ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် QR ပေးချေမှုစနစ်ကို ၂၀၂၄ ခုနှစ်၊ တတိယလပတ်တွင် စတင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် QR ပေးချေစနစ်ကို ယခုနှစ် တတိယလပတ်အတွင်း စတင်ဆောင်ရွက်သွားနိုင်ရေး ထိုင်းဘဏ်အနေဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံပေါင်းစုံပေးချေမှု ကွန်ယက်အတွင်းသို့ ချဲ့ထွင်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ထိုင်းဘဏ်သည် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့နှင့် QR ကုဒ်နယ်စပ်ဖြတ်ကျော်ပေးချေမှုကို တည်ထောင်ပြီးဖြစ်ကြောင်း၊ ငွေပေးချေမှုများကို ထိုင်းနိုင်ငံ၏ အီလက်ထရောနစ် ပေးချေမှုပုံစံဖြစ်သည့် PromptPay ဖြင့် ဆောင်ရွက်ပါကြောင်း၊ စင်ကာပူနှင့် ဆောင်ရွက်ရာ၌ နယ်စပ်ဖြတ်ကျော်ပေးချေမှုသည် QR ကုဒ်ပေးချေမှုနှင့် remittance ဝန်ဆောင်မှုများပါ ဆောင်ရွက်နိုင်ပါကြောင်း ထိုင်းဗဟိုဘဏ် ပေးချေမှုစနစ်များ မူဝါဒနှင့် စားသုံးသူဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်ပေးရေးအဖွဲ့၏ လက်ထောက်အုပ်ချုပ်ရေးမှူး Ms. Daranee Saeju က ရှင်းလင်းပြောကြားခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် နယ်စပ်ဖြစ်ကျော် ပေးချေမှုများတွင် နိုင်ငံအများအပြား ချိတ်ဆက်မှုမှတစ်ဆင့် ငွေလွှဲပြောင်းမှုများ ပါဝင်လာမည်ဖြစ်ကြောင်း၊ လက်ရှိနှစ်နိုင်ငံ ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပေးချေမှုစနစ်စွမ်းရည် မြင့်တက်လာမည်ဖြစ်ကြောင်း၊ စင်ကာပူနှင့် ဆောင်ရွက်လျက်ရှိသည် နယ်စပ်ဖြတ်ကျော် Remittance ကို ဒေသတွင်း အခြားနိုင်ငံများနှင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ PromptPay စတင်မိတ်ဆက်ချိန်တွင် ငွေသားဖြင့် ပေးချေမှုများသည် ကျဆင်းလာခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် PromptPay ဖြင့် ပေးချေမှုများသည် တစ်နေ့လျှင် ၇၅.၉ သန်းထိ ရှိခဲ့ကြောင်း ဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရှိရပါသည်။

ထိုင်းနှင့် အိန္ဒိယတို့၏ နယ်စပ်ဖြတ်ကျော် QR ပေးချေမှုအတွက် ယခုနှစ်အတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်များဖြစ်ပြီး QR ကုဒ်ဖြင့်‌ပေးချေသဖြင့် ငွေသားအသုံးပြု၍ ပေးချေသည့်ပမာဏ ကျဆင်းလာနိုင်ကြောင်း၊ နိုင်ငံအများအပြားအသုံးပြုသည့် စနစ်ဖြင့် ထပ်တိုးချိတ်ဆက်နိုင်မည်ဆိုပါက ငွေပေးချေမှုများ ပိုမိုလျင်မြန်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand