Thailand

ထိုင်းဒူးရင်းသီးထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရန် ထိုင်းဘဏ်၏ အစီရင်ခံစာတွင် တိုက်တွန်းထား

Last Updated:

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုအများဆုံးဖြစ်သော ထိုင်းနိုင်ငံသည်နောင် ၅ နှစ်တာကာလအတွင်း ပိုမိုခက်ခဲလာမည့် ယှဉ်ပြိုင်မှုကိုကျော်လွှားရန် ၎င်း၏ထုတ်လုပ်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း ထိုင်းဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ဒူးရင်းသီးတင်ပို့နိုင်မှုမှာ ဘတ်၁၂၄ ဘီလီယံဖြစ်ပြီး ၂၀၁၈ခုနှစ်ထက် ၄၀ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ တရုတ်စားသုံးသူများအကြား ထိုင်းဒူးရင်းသီးများ ရေပန်းစားလာမှုကြောင့် ဒူးရင်းသီး ၁ ကီလိုဂရမ်လျှင် ၁၁၁ ဘတ်ဖြစ်လာကြောင်း၊ ထိုင်းနိုင်ငံတစ်ဝှမ်းတွင်လည်း ဒူးရင်းသီးကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စားသုံးမှု၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဒူးရင်းသီးတန်ချိန် ၈၂၄,၈၅၅ ဖြင့် အများဆုံးတင်သွင်းခဲ့ပြီး ယင်းနောက်ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ဖြစ်ကြောင်း၊တရုတ်နိုင်ငံသည် ဒူးရင်းသီးလတ်လတ်ဆတ်ဆတ် ၉၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှတင်သွင်းပြီး ဗီယက်နမ်နိုင်ငံမှ ၅ ရာခိုင်နှုန်း တင်သွင်းကြောင်း ဖော်ပြထားချက်အရသိရှိရပါသည်။

နောင် ၅ နှစ်တာကာလတွင် တရုတ်နိုင်ငံ၏ဝယ်လိုအားသည် ဒူးရင်းသီးတန်ချိန် ၁ သန်းထက်ပိုနိုင်ကြောင်း၊ တရုတ်နိုင်ငံက ထိုင်းဒူးရင်းသီးများကိုတင်သွင်းရန် ကာလအတော်ကြာခွင့်ပြုပေးခဲ့ပြီး ဗီယက်နမ်ကို ၂၀၂၂ ခုနှစ်တွင် လည်းကောင်း၊ ဖိလစ်ပိုင်ကို ၂၀၂၃ ခုနှစ်တွင်လည်းကောင်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့မှလည်း တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် ခွင့်ပြုချက်ရရှိ‌ရေး စောင့်ဆိုင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

ထိုင်းနှင့် ဗီယက်နမ်တို့က စိုက်ပျိုးသည့် ဒူးရင်းသီးမျိုးစိတ်သည် “Monthong” ဖြစ်သဖြင့် မျိုးစိတ်တူရုံသာမက စိုက်ပျိုးသည့်ရာသီမှာလည်း မေလမှ စက်တင်ဘာလဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ထိုင်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာခြင်းနှင့် တင်ပို့မှုလျင်မြန်ခြင်းတို့ကြောင့် ထိုင်းအတွက် ဒူးရင်းပို့ကုန်ယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်ကြောင်း၊ထို့ကြောင့် ဒူးရင်းသီးဈေးကွက်ကို ဦးဆောင်လိုပါက ထိုင်းနိုင်ငံအနေဖြင့် အခြားဈေးကွက်များရှာဖွေခြင်းအပြင်  ထုတ်လုပ်မှုတိုးမြှင့်နိုင်မည့်  စိုက်ပျိုးရေးနည်းပညာကိုကျင့်သုံးရန်နှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးရန်တို့လိုအပ်ကြောင်း အစီရင်ခံစာတွင်အကြံပြုထားပါသည်။

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov   

Category: Thailand