China (HongKong)

၂၀၂၃ ခုနှစ် မေလအတွက် ဟောင်ကောင်ဒေသ ပြည်ပကုန်သွယ်မှုစာရင်းဇယားထုတ်ပြန်

Last Updated:

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ မေလ၌ ပို့ကုန်တင်ပို့မှုတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၃၂၇.၆ ဘီလီယံဖြင့် ပို့ကုန်တင်ပို့မှု ၁၁ လဆက်တိုက် ကျဆင်းမှုအဖြစ် ယခင်နှစ်ကာလတူထက် ၁၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၃၅၄.၀ ဘီလီယံဖြင့် ၁၆.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၂၆.၄ ဘီလီယံ ရှိခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ပထမငါးလ၏ စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၁၆.၃ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုမှာ ၁၃.၄ ရာခိုင်နှုန်း အသီးသီးကျဆင်းပြီး ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၁၇၅.၀ ဘီလီယံရှိခဲ့ကြောင်းနှင့် အဓိက ပို့ကုန်တင်ပို့သည့် ဒေသများဖြစ်သည့် ဂျပန်၊ စင်ကာပူ၊ ထိုင်ဝမ်၊ တရုတ်ပြည်မနှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့သည့် ပို့ကုန်တန်ဖိုး ကျဆင်းခဲ့သော်လည်း အာရပ်စော်ဘွားများပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ၁၀.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ သွင်းကုန်အနေဖြင့် အဓိက ကုန်သွယ်ဖက်များ ဖြစ်သော ကိုရီးယား (၄၀.၁ ရာခိုင်နှုန်း)၊ စင်ကာပူ (၃၀.၇ ရာခိုင်နှုန်း)၊ ထိုင်း (၂၂.၆ ရာခိုင်နှုန်း) ဗီယက်နမ် (၂၀.၂ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၁၉.၂ ရာခိုင်နှုန်း)၊ နှင့် တရုတ်ပြည်မ (၈.၈ ရာခိုင်နှုန်း) တို့နှင့် သွင်းကုန်တန်ဖိုး အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် မေလ၏ ပို့ကုန်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် မေလအတွင်း ဟောင်ကောင်ဒေသမှ အာရှဒေသသို့ ပို့ကုန်တင်ပို့မှုစုစုပေါင်း ၁၈.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အဓိကတင်ပို့သည့် ဒေသများဖြစ်သည့် မလေးရှား (၃၈.၄ ရာခိုင်နှုန်း)၊ အိန္ဒိယ (၃၀.၇ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (၂၉.၆ ရာခိုင်နှုန်း)၊ ဂျပန် (၂၆.၄ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၂၄.၇ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁၇.၅ ရာခိုင်နှုန်း) တို့သို့တင်ပို့သည့် ပို့ကုန်တန်ဖိုး ကျဆင်းခဲ့ကြောင်းနှင့် အာရှတိုက်ပြင်ပ အဓိက ကုန်သွယ်ဖက်များဖြစ်သည့် ဂျာမနီ (၃၂.၉ ရာခိုင်နှုန်း) နှင့် အမေရိကန် (၁၇.၇ ရာခိုင်နှုန်း) သို့ တင်ပို့သည့် ပို့ကုန်တန်ဖိုး ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ကာလတူအတွင်း အဓိက သွင်းကုန်တင်သွင်းသည့် နိုင်ငံများဖြစ်သည့် ကိုရီးယား (၄၆.၄ ရာခိုင်နှုန်း)၊ စင်ကာပူ (၃၄.၈ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၂၉.၁ ရာခိုင်နှုန်း)၊ မလေးရှား (၂၀.၄ ရာခိုင်နှုန်း)၊ ထိုင်း (၂၆.၃ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁၀.၃ရာခိုင်နှုန်း) တို့နှင့် သွင်းကုန်တန်ဖိုး အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်အနေဖြင့် ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန်များဖြစ်သည့် လျှပ်စစ်နှင့် စက်ပစ္စည်းကိရိယာများ၊ ရုံးသုံးစက်ပစ္စည်းနှင့် data processing စက်များ တင်ပို့မှုကျဆင်းခဲ့ပြီး၊ သွင်းကုန်အနေဖြင့် စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ ရုံးသုံးစက်ပစ္စည်းနှင့် data processing စက်များ၊ ဆက်သွယ်ရေးနည်းပညာနှင့် အသံဖမ်းခြင်းနှင့် ပြန်လည်ထုတ်လုပ်သည့် ကိရိယာနှင့် စက်ကိရိယာများ တင်သွင်းမှုကျဆင်းခဲ့ပါသည်။

ဟောင်ကောင်ဒေသပြင်ပ ဈေးကွက်များ၏ ဝယ်လိုအားကျဆင်းနေသဖြင့် ၂၀၂၃ ခုနှစ်၊ မေလအတွင်း ပို့ကုန်တင်ပို့မှု ထပ်မံကျဆင်းခဲ့ပြီး အဓိကကုန်သွယ်ဖက်ဒေသများသို့ ပို့ကုန်တင်ပို့မှု အသီးသီးကျဆင်းခဲ့ကြောင်း၊ တရုတ်ပြည်မ၏ စီးပွားရေးတိုးတက်မှု မြန်ဆန်ခြင်းကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်သော်လည်း စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ဝယ်လိုအားနည်းနေခြင်းမှာ ဒေသ၏ပို့ကုန်တင်ပို့မှု အနာဂတ်အတွက် စိန်ခေါ်မှုဖြစ်နေဆဲဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)