China(Nanning)

တရုတ်နိုင်ငံတွင် ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သုံးစွဲမှု ပိုမိုမြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့် စားသုံးသူများသည် ပြည်ပမှတင်သွင်းသော နိုင်ငံခြားအမှတ်တံဆိပ် ကုန်ပစ္စည်းများကို ဝယ်ယူမှုမြင့်တက်လာခြင်းသည် စားသုံးမှုမြှင့်တင်ခြင်းအတွက် အဓိက မောင်းနှင်အားဖြစ်လာကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ e-commerce ကုမ္ပဏီကြီးဖြစ်သည့် JD ၏ အွန်လိုင်းစျေးကွက်တွင် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ ရောင်းချမှုသည် ၂၀၂၀ ပြည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၅၀) ရာခိုင်နှုန်းတိုးလာပြီး တင်သွင်းသည့် ကုန်ပစ္စည်းအမျိုးအစားများမှာလည်း (၁၁၄) ရာခိုင်နှုန်း တိုးလာကြောင်း JD ၏ အစီရင်ခံစာအရ သိရှိရပါသည်။

ပြည်ပမှတင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်နှင့် အသားအရေထိန်းသိမ်းသည့် ပစ္စည်းများ၊ အစားအသောက်နှင့် အဖျော်ယမကာများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးပစ္စည်းများသည် တရုတ်စားသုံးသူများ အနှစ်သက်ဆုံး ကုန်ပစ္စည်းအမျိုးအစားများဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြထားကြောင်း သိရှိရပါသည်။

အသက် (၂၆) နှစ်မှ (၃၅) နှစ်ကြားရှိသူများသည် သွင်းကုန်ပစ္စည်းများကို အဓိကသုံးစွဲသူများဖြစ်ပြီး ဝယ်ယူသူစုစုပေါင်း၏ (၄၅) ရာခိုင်နှုန်းရှိကြောင်း၊ အသက် (၄၆) နှစ်မှ (၅၅) နှစ် ကြားရှိ စားသုံးသူများသည်လည်း ပြည်ပသွင်းကုန်များကို ပိုမိုဝယ်ယူလာကြကြောင်း သိရှိရပါသည်။ ပထမအဆင့်မြို့ကြီးများတွင် နေထိုင်သူများသည် သွင်းကုန်ပစ္စည်းများကို အဓိက ဝယ်ယူသူများ ဖြစ်လာသော်လည်း နယ်မြို့များရှိ စားသုံးသူများသည်လည်း သွင်းကုန်ပစ္စည်းများကို ဝယ်ယူရန် စိတ်ဝင်စားမှုတိုးလာကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၁.၉၃) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၃.၈ ဘီလီယံ) အထိ ရောက်ရှိခဲ့ပြီး သွင်းကုန်စုစုပေါင်း၏ (၁၁) ရာခိုင်နှုန်းနှင့် ၂၀၁၂ ခုနှစ် ပမာဏထက် နှစ်ဆပိုများကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ဖော်ပြချက်အရ သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးသည် ကုန်ပစ္စည်းများ ရောင်းချမှုမြင့်တက်လာစေရေး၊ လုပ်ငန်းပုံစံသစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားသုံးမှု ပြန်လည် ကောင်းမွန်လာစေရေးတို့အတွက် ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရပါသည်။

Amazon China Global Store နှင့် Prime ၏ အကြီးအကဲ Li Yanchuan က ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းတွင် မွေးဖွားသော တရုတ်စားသုံးသူလူငယ်များသည် အမှတ်တံဆိပ်များ ရွေးချယ်ရာတွင် လွတ်လပ်စွာ တွေးတောဆင်ခြင်သုံးသပ်ကာ သီးသန့်နေထိုင်မှုပုံစံများနှင့် အထူးပြုလုပ်ထားသောထုတ်ကုန်များကို သုံးစွဲလိုကြောင်း ပြောကြားခဲ့ပါသည်။

ငါးဖမ်းခြင်း၊ နှင်းလျှောစီးခြင်း၊ စခန်းချခြင်းနှင့် အခြားသော ပြင်ပအားကစားပစ္စည်းများ ရောင်းချခြင်းတို့သည် လျင်မြန်စွာ တိုးတက်လာသည်ကို မြင်တွေ့ရပြီး virtual reality ပစ္စည်းများ၊ လက်ဖျော်ကော်ဖီထုတ်ကုန်များ၊ ပန်းကန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများသည် မကြာသေးမီနှစ်များအတွင်း တရုတ်စျေးဝယ်သူများ၏ နှစ်သက်မှုကို ရရှိခဲ့ကြောင်း သိရှိရပါသည်။

အွန်လိုင်းမှတစ်ဆင့်နယ်စပ်ဖြတ်ကျော် စျေးဝယ်မှုများကို ပထမအဆင့်မြို့များတွင် အဓိကထား၍ မှာယူနေကြသော်လည်း ဒုတိယအဆင့်နှင့် တတိယအဆင့်မြို့များတွင် နေထိုင်သူများသည်လည်း ဝယ်နိုင်စွမ်းအား လျင်မြန်စွာ တိုးတက်လာလျက်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်းနှင့် လက်လီရောင်းချမှုနည်းပညာများ တိုးတက်လာခြင်းတို့နှင့်အတူ တရုတ်နိုင်ငံသည် သွင်းကုန်ခွန်လျှော့ချခြင်းနှင့် တင်သွင်းခွင့်ပြုသည့်ကုန်ပစ္စည်းစာရင်းကို တိုးချဲ့ခြင်းကဲ့သို့သော ဦးစားပေးမူဝါဒများကို ချမှတ်ခဲ့ကြောင်း Deloitte အာရှ-ပစိဖိတ် လူသုံးကုန်ပစ္စည်းများနှင့် လက်လီလုပ်ငန်းဆိုင်ရာ အကြီးအကဲ Zhang Tianbing က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပကုန်ပစ္စည်း အမှတ်တံဆိပ်များသည် ကိုဗစ်-၁၉ ရောဂါကြောင့် အော့ဖ်လိုင်းလက်လီ ရောင်းချမှုတွင် အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသဖြင့် ၎င်းတို့၏ ဖြန့်ဖြူးရေးလမ်းကြောင်းများကို နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ပလပ်ဖောင်းများသို့ တိုးချဲ့ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/23/WS64e55903a31035260b81db29.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)