Phillippines

ဖိလစ်ပိုင်-ဗီယက်နမ်ကြား (၅) နှစ်သက်တမ်းဆန်ကုန်သွယ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

သမ္မတမားကို့စ်၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၃၀-၁-၂၀၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့ပြင်စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ အားကစားနှင့် ယဉ်ကျေးမှု၊ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲနေခြင်း၊ ကပ်ရောဂါများနှင့် အခြားသော ပထဝီနိုင်ငံရေးတို့၏ ဆိုးကျိုးများအကြား ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်ပါကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာအရ ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ပုဂ္ဂလိကကဏ္ဍမှတဆင့် (၅) နှစ် ဆန်တင်ပို့ရောင်းချရန် သဘောတူညီခဲ့ပါကြောင်း၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၁.၅ သန်းမှ ၂ သန်းကြား တင်ပို့ရောင်းချသွားမည်ဖြစ်ပါသည်။

ဆန်ကုန်သွယ်မှုအပြင် အခြားဆန်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့် စည်းမျဉ်းများ၊ သတင်းအချက်အလက်များ ဖလှယ်ခြင်းစသည့် ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်တင်ရန်တို့ကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်-ဗီယက်နမ် နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသများ ဖွံဖြိုးတိုးတက်ရေး၊ အရည်အသွေးနှင့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်ယာမြေများစီမံခန့်ခွဲ၊ သုတေသနနှင့် သင်တန်းများ၊ နည်းပညာရှင်များ လဲလှယ်စေလွှတ်ရေးစသည့် ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီခဲ့ကြပါသည်။

၁၉၉၈ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့သည့် နှစ်နိုင်ငံကြား ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို ယခုထက် တိုးမြင့်ဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကိုလည်း ရင်းနှီးချစ်ကြည်စွာ ဆောင်ရွက်သွားရန်တို့ကိုလည်း သဘောတူညီခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

Rice Tariffication Law အရ ပုဂ္ဂလိကဏ္ဍမှ ကုန်သည်များအနေဖြင့် ဆန်တင်သွင်းခွင့်အား ပမာဏသတ်မှတ်ချက်မရှိပဲ လွတ်လပ်စွာ တင်သွင်းခွင့်ရှိပါကြောင်း၊ NFAအနေဖြင့် ပြည်တွင်းတောင်သူများထံမှသာ ဝယ်ယူခွင့်ရှိပါကြောင်း၊ သို့ရာတွင် ပြည်တွင်းဆန်ရိက္ခာဖူလုံမှုရှိစေရန်နှင့် ဈေးနှုန်းတည်ငြိမ်ရန်အပါအဝင် အခြားသော အရေးပေါ်အခြေအနေများတွင် သမ္မတအနေဖြင့် National Economic Development Authority နှင့် Department of Agriculture တို့၏ အကြံပြုတင်ပြချက်များနှင့်အညီ G-G တင်သွင်းခြင်းအတွက် ခွင့်ပြုနိုင်ပါကြောင်း ဥပဒေတွင် ရေးဆွဲပြဋ္ဌာန်းထားပါသည်။

ယခုချုပ်ဆိုခဲ့သည့် (၅) နှစ်သက်တမ်း ဆန်တင်သွင်းခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာအရ ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ပုဂ္ဂလိကကဏ္ဍမှတဆင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၁.၅ သန်းမှ ၂ သန်းကြား တင်ပို့ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန် တင်သွင်းမှုစုစုပေါင်း၏ ၈၅ % ခန့်မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ကျန် ၁၅ % ခန့်အား ထိုင်း၊ မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယတို့မှ တင်သွင်းနေခြင်းဖြစ်ပါကြောင်း သုံးသပ်လေ့လာတင်ပြအပ်ပါသည်။

 

Source; https://pco.gov.ph/news_releases/ph-viet-nam-sign-agreements-on-rice-trade-agriculture-scs-incident-prevention-and-management/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines