Germany

ဂျာမနီ၏ စီးပွားရေး ယိမ်းယိုင်လာသည့်အတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဓာတ်ကျဆင်းလာကြ

Last Updated:

ဂျာမနီ၏ ပုဂ္ဂလိကကဏ္ဍတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများ၏ စီးပွားရေးအပေါ်စိတ်အားထက်သန်မှုမှာ ဇန်နဝါရီလတွင် ဒုတိယလအဖြစ်မမျှော်လင့်ဘဲ ဆက်တိုက်ကျဆင်းသွားခဲ့ကြောင်း Ifo Instituteမှ ၂၅-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ သိရှိရပါသည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ စွမ်းအင်စျေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်ပမှဝယ်လိုအား ကျဆင်းလာခြင်းတို့ကြောင့် ဥရောပ၏ အကြီးဆုံး စီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံတွင် တစ်နှစ်ပတ်လုံး အခက်အခဲများနှင့် ကြုံတွေ့ရပြီးသည့်နောက် စိတ်ပျက်စရာကောင်းသော စီးပွားရေးရှုမြင်သုံးသပ်ချက် ထွက်ပေါ်လာခဲ့သည်။

ဂျာမန်ကုမ္ပဏီပေါင်း (၉၀၀၀) ခန့်၏ စီးပွားရေးအခြေအနေ ခန့်မှန်းချက်ကို အခြေခံတွက်ချက်ရာတွင် Business Climate Indexမှာ နိုဝင်ဘာလတွင် ၈၇.၂ အထိ မြင့်တက်ခဲ့ရာမှ ဒီဇင်ဘာလတွင် ၈၆.၃ သို့ မမျှော်လင့်ဘဲ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဇန်နဝါရီ လတွင် ၈၅.၂ သို့ အနည်းငယ် ထပ်မံကျဆင်းသွားကြောင်း Ifo မှ ပြောကြားခဲ့ပါသည်။

လက်လီရောင်းဝယ်မှုကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍ နှစ်ခုစလုံး၏ အလားအလာများ ဆိုးရွားခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတွင်လည်း သိသာစွာကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စက်မှုကဏ္ဍ ထုတ်လုပ်သူများအကြား ယုံကြည်မှုများ အမှန်တကယ် တိုးတက်လာခဲ့သော်လည်း ယေဘုယျအားဖြင့် အဆိုးမြင်နေဆဲပင် ဖြစ်ပါသည်။

စီးပွားရေး လေ့လာအကဲခတ်သူများကမူ ၎င်းတို့ ယခင်က ခန့်မှန်းထားသည့်အတိုင်း ဇန်နဝါရီလတွင် တိုးတက်မှု တစ်ခုခုရရှိလာရန် မျှော်လင့်နေခဲ့ကြသည်။

ဂျာမန်စီးပွားရေးအပေါ် စိတ်အားထက်သန်မှုများ တိမ်ကောပျောက်ကွယ်သွားပြီဖြစ်ကြောင်း Ifo ၏ ဥက္ကဋ္ဌဖြစ်သူ Dr.Clemens Fuest က ပြောကြားခဲ့သည်။

ပင်လယ်နီတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲရလဒ်တစ်ခုအဖြစ် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်နေမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော ရထားယာဉ်မောင်းများ၏ ဆန္ဒပြမှုများသည် စီးပွားရေးလုပ်ငန်းများ လုပ်‌ဆောင်လိုသည့် စိတ်ဓာတ်အား ကျဆင်းစေကြောင်း International Netherland Group (ING) မှ စီးပွားရေးပညာရှင် Mr.Carsten Brzeski က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ လျှပ်စစ်ကားကုမ္ပဏီဖြစ်သော Tesla ကလည်း ပင်လယ်ရေကြောင်းသွားလာမှုများကို ဟူသီများက နှောင့်ယှက်တိုက်ခိုက်နေခြင်းကြောင့် ဇန်နဝါရီလအကုန်တွင် ဘာလင်မြို့အနီးရှိ ၎င်း၏စက်ရုံမှ ထုတ်လုပ်မှုအများစုကို နှစ်ပတ်ကြာခန့် ရပ်နားထားရလိမ့်မည်ဟုပြောကြားခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အသုံးစရိတ်များ ပြောင်းလဲသုံးစွဲခွင့်မရှိဟု  ဆုံးဖြတ်ချက်ချလိုက်သည့် ကိစ္စအပေါ် စိတ်ပျက်မိကြပြီးသည့်နောက် ဂျာမန်အစိုးရအနေဖြင့် ၎င်း၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက်ကို အလျင်အမြန် ပြန်လည်စဉ်းစားရန် တွန်းအားပေးခံခဲ့ရသည်။ ဂျာမန်အစိုးရက အသုံးစရိတ်များကို လျှော့ချလိုက်သည့်အတွက် ဂျာမန်စီးပွားရေးတွင် တိုးတက်မှုနှုန်း နိမ့်ကျနိုင်ကြောင်း Ifo ၏ ကျွမ်းကျင်သူများက ခန့်မှန်းနေကြပါသည်။ 

Brzeski က ဂျီဒီပီ ၀.၃ ရာခိုင်နှုန်းခန့် ကျုံ့သွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည့်အချက်မှာ ယခုနှစ် စီးပွားရေး အနည်းငယ်ကျဆင်းနိုင်ချေရှိသော အချက်တစ်ချက်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ဂျာမနီအနေဖြင့် အချိန်နှစ်နှစ်ကြာမျှ စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ဖြတ်သန်းခဲ့ရခြင်းသည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှ ယခုအချိန်အထိကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်လိမ့်မည် ဟု Brzeski က ထပ်လောင်းပြောကြားခဲ့ပါသည်။

 

 

Source:         https://www.dw.com/en/germany-business-morale-sours-as-economy-stutters/a-68083597

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany