Korea

တရုတ်နိုင်ငံထုတ်ကားများ၏ စွမ်းဆောင်ရည်ကောင်းမွန်မှုနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း အားမြင့်မားမှုတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ကားတင်ပို့မှုဈေးကွက်ကို ထိခိုက်မှုရှိလာနိုင်

Last Updated:

ယခင်က တရုတ်နိုင်ငံထုတ်ကားများအား  နာမည်ကြီးတံဆိပ်များကိုတုပထားသည့် ဈေးပေါသောကားများဟု အသိအမှတ်ပြုခံထားရသော်လည်း ယခုအခါ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကား များအပါအဝင် စက်သုံးဆီအသုံးပြုသည့် ကားအမျိုးအစားများသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားသည့်အပြင် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ကမ္ဘာ့ကားဈေးကွက်တွင် အသိအမှတ် ပြုခံနေရပါသည်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားကို လျှော့ချရန် ငွေကြေးဖောင်းပွနှုန်းလျှော့ချမှုအက်ဥပဒေ (Inflation Reduction Act- IRA) ကို ပြဌာန်း အကောင်အထည်ဖော်နေသည့်တိုင်အောင် တရုတ်နိုင်ငံ၏ ကားဈေးကွက်သည် ဆက်လက်တိုးတက်နေသည့်အပြင်  လာမည့်နှစ်များတွင်  တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor နှင့် Kia တို့၏ ဥရောပနှင့်အခြားသောကမ္ဘာ့နိုင်ငံများ၏ကားဈေးကွက်တွင် ရရှိပြီးဖြစ်သည့် ဈေးကွက်ဝေစုကိုပါ ထိခိုက်မှုရှိလာနိုင်သည်ဟု တောင်ကိုရီးယားနိုင်ငံရှိ ကားထုတ်လုပ်သူများအသင်း (Korea Automobile Manufacturers Association - KAMA) က ပြောကြားပါသည်။

၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို သာလွန်ကာ ကမ္ဘာ့ကား တင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာပြီး ကားအစီးရေ စုစုပေါင်း ၉၉၄,၀၀၀ စီး တင်ပို့နိုင်ခဲ့ပါသည်။ ယင်းကာလတွင် ဂျပန်နိုင်ငံသည် ကားအစီးရေ စုစုပေါင်း ၉၅၄,၀၀၀ စီးသာတင်ပို့နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ တင်ပို့ခဲ့သောကားများမှာ ခရီးသည်တင် ဘပ်စ်ကားများ၊ ကုန်တင်ထရပ်ကားများ အပါအဝင် လုပ်ငန်းသုံးယာဉ်များ တင်ပို့ခဲ့ရကြောင်း၊ တင်ပို့ခဲ့သောကားများ၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတံဆိပ် (Brand)  သီးသန့်ကားများသာ ဖြစ်ပါကြောင်း KAMA က ပြောကြားပါသည်။

၂၀၂၂ ခုနှစ်အတွင်းက တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယမြောက်ကားတင်ပို့မှု အများဆုံးနိုင်ငံသာ ဖြစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလမှစ၍ ကမ္ဘာ့ကားတင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံကားလုပ်ငန်းရှင်များသည် ပြည်တွင်းဈေးကွက်ဝယ်လိုအားကို ပြည့်ပြည့်ဝဝဖြည့်ဆည်းပြီးဖြစ်သည့်အတွက် ပြည်ပဈေးကွက်ကို တင်ပို့ရေးအားစိုက်သွားမည်ဟု ကြေငြာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ Hyundai Motor သည် ထွန်းသစ်စ ဈေးကွက်များကို အားထားတင်ပို့ခဲ့ရာ တင်ပို့မှုနှုန်းမြင့်မားခဲ့သော်လည်း တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့မှုနှုန်း ကျဆင်းခဲ့ကြောင်း၊ Hyundai Motor ကားများ အမေရိကန်ပြည်ထောင်စု ဈေးကွက်တွင် အခြေအနေကောင်းနေသော်လည်း ဥရောပဈေးကွက်တွင်မူ တရုတ်နိုင်ငံထက် အနည်းငယ်နောက်ကျကျန်နေကြောင်း၊ တရုတ်နိုင်ငံ၏ ကားတင်ပို့မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် ဥရောပဈေးကွက်သို့ တင်ပို့နေပါကြောင်း Korea Automotive Technology Institute  က‌ ပြောကြားပါသည်။

၂၀၂၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ကားတင်ပို့မှုဈေးနှုန်းများ မြင့်မားလာခဲ့ပြီး ယခင်က တန်ဖိုးနည်းကားများတင်ပို့ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် တင်ပို့သည့်ကားတစ်စီးပျမ်းမျှ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကျော် ရရှိလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များအ တွင်း ကားတစ်စီးတင်ပို့မှု ပျမ်းမျှနှုန်းထားများမှာ အမေရိကန်ဒေါ်လာ ၁၂,၉၀၀ နှင့် ၁၆,၄၀၀ စီသာရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် စက်သုံးဆီသုံးကားများသာမက လျှပ်စစ်ကားများကိုပါ တင်ပို့လျှက်ရှိသည့်အတွက် တောင်ကိုရီးယားကားကုမ္ပဏီများအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားတွင် အားနည်းပါကြောင်း၊ တရုတ်နိုင်ငံတွင် ပြည်ပကားကုမ္ပဏီများဖြစ်သည့် Tesla၊ Mercedes-Benz နှင့် Volvo စသည့် နိုင်ငံခြားကုမ္ပဏီများရှိကြပြီး ပြည်ပပို့ကုန်ဈေးကွက်ကို နေရာယူထားကြကြောင်း၊ Tesla သည် ပြည်ပတင်ပို့မှုတတိယမြောက်အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တရုတ် နိုင်ငံမှ Tesla ကားအစီးရေ ၂၇၀,၀၀၀ တင်ပို့ခဲ့ရကြောင်း Korea Automotive Technology Institute မှ Mr. Lee Hang-koo   က‌ ပြောကြားပါသည်။

အထောက်အပံ့ကွင်းဆက်များ အားကောင်းသည့် တရုတ်နိုင်ငံရှိ ကားကုမ္ပဏီများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနည်းပါးချိန်တွင် အခွင့်အရေးကိုအရယူနိုင်ခဲ့ခြင်းက ကားတင်ပို့မှုဈေးကွက်ကို  ချဲ့ထွင်နိုင်စေခဲ့ကြောင်း China Automobile Dealers Association (CADA) က မကြာသေးခင်က ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

ကမ္ဘာ့ကားထုတ်လုပ်မှုအများဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ ကားတင်ပို့မှုသည် ဆက်လက်တိုးတက်လာမည်ဖြစ်ပြီး အထူးသဖြင့် လျှပ်စစ်ကားများ  (EVs) ကို ဥရောပဈေးကွက်သို့ တင်ပို့၍ဈေးကွက်ရယူရန် ရည်ရွယ်ချက်ထားဆောင်ရွက်နေပါသည်။ လျှပ်စစ်ကားများ အဓိကထားထုတ်လုပ်သည့် တရုတ်နိုင်ငံ၏ BYD Company သည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ ဈေးကွက်သို့ တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက်  ၉၃ ရာခိုင်နှုန်း မြင့်မားလာခဲ့ပြီး ကားအစီးရေ ၅၅၂,၀၇၆ တင်ပို့ခဲ့ရပါသည်။

 

Source:  The Korea Times

(စီးပွားရေးသံမှူး၊ ဆိုးလ်)

Category: Korea