Korea

တောင်ကိုရီးယားနိုင်ငံ၏ တတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေပြမှုအများဆုံး ရလာ

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်မှုများအနက် ဗီယက်နမ်နိုင်ငံနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်မှုပိုငွေအများဆုံးရခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်‌ရေး၊စက်မှုနှင့်စီးပွားရေးဝန်ကြီး ဌာနက ထုတ်ပြန်သောစာရင်းဇယားများတွင် ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀.၉၈ ဘီလီယံရရှိခဲ့ပြီး  သွင်းကုန်တန်ဖိုးမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၆.၇၂ ဘီလီယံသာရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ၃၄.၂၆ ဘီလီယံရရှိခဲ့ပါသည်။ ယင်းပမာဏသည်၂၀၁၂ခုနှစ်ကနှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် တောင်ကိုရီးယားနိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေပြခဲ့သည့် ပမာဏဖြစ်သည့် ၁၀.၂၂ ဘီလီယံထက်သုံးဆပိုလာခဲ့ပါသည်။ ယင်းအပြင်ဗီယက်နမ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ တတိယမြောက်အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာပါသည်။ ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၅၀၀ သာရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၆၁ ဆ မြင့်မားလာကာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၀.၇ ဘီလီယံအထိ ရောက်ရှိလာခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုအများဆုံးကုန်စည်များမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ Display Panel များ၊ Sensor များ၊ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ ရေနံထွက်ကုန်များ၊ Synthetic Resins (ဓါတုဗေဒကော်များ) ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့မှုအများဆုံးပစ္စည်းများမှာ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် ကွန်ပျူတာများဖြစ်ပါသည်။

 

နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေးကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်တွင် ရေးထိုးခဲ့ပါသည်။ အကျိုးဆက်အရနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်လူအချင်းချင်း ကူးလူးဆက်သွယ်မှုများလည်း မြင့်မားလာပါသည်။ အဆင့်မြင့်သံတမန်အဆင့်ခရီးစဉ်များ မကြာခဏရှိနေခြင်းကလည်း နှစ်နိုင်ငံအကြား ဆက်နွယ်မှုခိုင်မာအား ကောင်းရန်ဆောင်ရွက်မှုကို ညွှန်ပြလျက်ရှိနေပါသည်။

ကမ္ဘာအနှံ့မသေချာမရေရာမှုများ ကြုံတွေ့နေရသော်လည်း ဗီယက်နမ်နိုင်ငံကမူ အာရှတွင် သွက်လက်တက်ကြွမှုအရှိဆုံးနိုင်ငံအဖြစ် ထင်ရှားလာပြီး နိုင်ငံ၏အကြွင်းမဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုရှိခြင်း၊ ငယ်ရွယ်၍ လုပ်ငန်းကျွမ်းကျင်သော လုပ်သားဦးရေပေါများခြင်းတို့ကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ် အသိအမှတ်ပြုခံလာရပြီး ကမ္ဘာအနှံ့မှကုမ္ပဏီများက တရုတ်နိုင်ငံအစားထိုးနိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး၂၀၂၁ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ၇၈.၅ဘီလီယံအထိ ရောက်ရှိမြင့်မားလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၊ စာရင်းအင်းဌာနကထုတ်ပြန်ထားပါသည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် အလင်းထုတ်သည့် ဒိုင်အုတ်များ (OLEDs) နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအထိ ထုတ်လုပ်လာနိုင်ပြီး လုပ်သားအားပြုထုတ်ကုန်နှင့်ဝန်ဆောင်မှုများကိုသာ ထုတ်လုပ်ရသည့် အဆင့်မှ လွတ်ကင်းသွားပြီဖြစ်ပါသည်။

 

 

Source:  The Korea Times 

(စီးပွားရေးသံမှူး၊ ဆိုးလ်)

Category: Korea