Germany

ဆိုးရွားလာသော အလားအလာများအကြား ဂျာမန်စီးပွားရေးကျဆင်း

Last Updated:

ဂျာမနီ၏စီးပွားရေးသည် ပြီးခဲ့သည့်သုံးလ (ယခင်ဘဏ္ဍာရေးနှစ်၏ စတုတ္ထသုံးလပတ်)နှင့် နှိုင်းယှဉ်ပါက၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် အနည်းငယ်ကျဆင်းသွားကာ နည်းပညာဆိုင်ရာ ဆုတ်ယုတ်မှုများလည်း ရှိလာခဲ့ကြောင်း ၂၅-၅-၂၀၂၃ ရက်က ဖော်ပြခဲ့သော အချက်အလက်များ အရ သိရှိရပါသည်။

ပထမသုံးလပတ် GDP မှာ တိုးတက်မှုနှုန်း သုည၌ ရပ်တန့်နေကြောင်း ပဏာမခန့်မှန်းချက် တစ်ခုတွင် ဖော်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ ဂျာမနီသည် စီးပွားရေးကျဆင်းမှုမှ ကပ်ကာသီကာဖြင့် လွတ်မြောက်ခဲ့ပုံရကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ သို့သော် အဓိကကျသော မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍ၏  အားပျော့သောလုပ်ဆောင်ချက်များကြောင့် ဂျာမန်စက်မှုလုပ်ငန်းများမှ ထုတ်လုပ်မှုသည် မတ်လတွင် မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းသွားခဲ့ကြောင်း ယခုလအစောပိုင်းက အချက်အလက်များထုတ်ပြန်ခဲ့ရာ ယင်းသည် စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်သောကများကို ထပ်မံလှုံ့ဆော်ပေးခဲ့သည်။

စာရင်းအင်းဆိုင်ရာ အချက်အလက်များ ပြန်လည်စိစစ်ပြင်ဆင်ခြင်းကို အချိန်ယူဆောင်ရွက်ခဲ့သော်လည်း ဂျာမန်စီးပွားရေးသည် နောက်ဆုံးတွင် ပြီးခဲ့သည့်နွေရာသီကတည်းက ၎င်းတို့စိုးရိမ်ခဲ့သည့်အတိုင်း ယခုဆောင်းရာသီတွင် အမှန်တကယ်ဖြစ်လာခဲ့ပြီဟု ဂျာမနီ၏ Wholesale Banking တစ်ခုဖြစ်သော ING မှ စီးပွားရေးပညာရှင် Carsten Brzeski က ၎င်း၏ ဖောက်သည်များအား မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်မှုများအား ဖြေလျှော့၍ စီးပွားရေးပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့် ရောင်းလိုအားကွင်းဆက်ဆိုင်ရာ ကန့်သတ်မှု များအား ဖြေလျှော့ပေးလိုက်ခြင်းတို့ကြောင့် ဂျာမနီတွင် စက်မှုလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး ဆောင်းရာသီ၏ ရာသီဥတုအခြေအနေသည် ပူနွေးလာလျက်ရှိရာ ယင်းသို့သောအခြေအနေများကလည်း ဂျာမနီအား စီးပွားရေးကျဆင်းမှုအန္တရာယ်ဇုန်မှ ဆွဲထုတ်ရန် မလုံလောက်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

စျေးနှုန်းနှင့် ရာသီဥတုဆိုင်ရာ သက်ရောက်မှုများကို ချိန်ညှိလိုက်သောအခါ GDP သည် ၀.၃ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း Federal Statistical Office (Destatis) ၏ အချက်အလက်များတွင် ဖော်ပြထားပါသည်။

GDP တိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်အကုန်တွင် အနုတ်သဘောဆောင်သွားပြီးသည့်နောက် ဂျာမန်စီးပွားရေးသည် ယခုအချိန်တွင် သုံးလပတ် နှစ်ပတ်ဆက်တိုက် အနုတ်လက္ခဏာဆောင်သော စံချိန်တစ်ခုတင်သွားခဲ့ပြီဖြစ်ကြောင်း Destatis ၏ဥက္ကဋ္ဌဖြစ်သူ Ruth Brand က ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ မတ်လအထိ ကိန်းဂဏန်းများသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော အခြေအနေကဲ့သို့ဖြစ်နေသည်။ အများအားဖြင့် သုံးလပတ် နှစ်ပတ်ဆက်တိုက် စီးပွားရေးကျုံ့သွားခြင်းကို စီးပွားရေးကျဆင်းမှုဟု သတ်မှတ်နိုင်ပါသည်။

ငွေကြေးဖောင်းပွမှုသည် ဂျာမန်စီးပွားရေးအပေါ် သုံးလပတ်ကာလအတွင်း ဆက်လက်ထိခိုက်ခဲ့ကြောင်း Destatis Office က ပြောကြားခဲ့သည်။ စျေးနှုန်းနှင့် ရာသီဥတုဆိုင်ရာ ချိန်ညှိမှုများ ဆောင်ရွက်ခဲ့ပြီးသည့်နောက် သုံးလပတ်အလိုက် ၁.၂ ရာခိုင်နှုန်းခန့်ကျဆင်းနေခြင်းသည် အိမ်ထောင်စုအလိုက် စားသုံးမှုများတွင်သက်ရောက်မှုရှိစေခဲ့သည်။ ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းကြောင့် ဝယ်ယူလိုသည့်စွမ်းအားကို တစ်စတစ်စ ဆုတ်ယုတ်သွားစေပြီး စီးပွားရေးတွင် ဝယ်လိုအားကို လျှော့ချပေးသကဲ့သို့ဖြစ်နေသည်ကို စားသုံးသူများက မြင်တွေ့ခဲ့ကြသည်။ စျေးနှုန်းတက်နိုင်မည့် အလားအလာများကို မကြာမီကာလအတွင်းက ဖြေလျှော့မှုများဆောင်ရွက်ပေးခဲ့သော်လည်း ဧပြီလတွင် မှတ်တမ်းတင်ထားခဲ့သည့် နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ၇.၂ ရာခိုင်နှုန်း ဖြစ်နေရာ ယင်းမှာ မြင့်မားနေဆဲပင်ဖြစ်ပါသည်။

ပုဂ္ဂလိကအိမ်ထောင်စုများသည်  အစားအသောက်၊ အဝတ်အထည်၊ ဖိနပ်နှင့် ပရိဘောဂများတွင် ယခင်သုံးလပတ်ကထက် လျော့နည်းသုံးစွဲခဲ့ကြသည်။ ၂၀၂၂ ခုနှစ်အကုန်တွင် အစိုးရမှ ထောက်ပံ့ကြေးများ ရပ်ဆိုင်းခဲ့မှုကြောင့် ကားသစ်များ ဝယ်ယူမှုမှာ အနည်းငယ်ခန့်သာရှိခဲ့သည်။ အစိုးရ၏အသုံးစရိတ်မှာလည်း ယခုနှစ် ပထမသုံးလတွင် ကျဆင်းသွားခဲ့သည်။

ရင်းနှီးမြုပ်နှံမှုမှာ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် အားနည်းခဲ့သော်လည်း ရာသီမဟုတ် ပူနွေး လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ယာယီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယခုနှစ်၏ ပထမသုံးလတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။

ဂျာမနီတွင် ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနှင့် အတိုးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် သုံးလ ပတ်အလိုက် GDP မှာ ယခုနှစ်အစတွင် ၀.၃ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားနိုင်သည်ဟု မျှော်မှန်း ထားသော်လည်း လက်တွေ့တွင် ပိုမိုကျဆင်းသွားကြောင်း Capital Economics မှ ဥရောပ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သူ Andrew Kenningham က DW သို့ပြောကြားခဲ့ပါသည်။

ရုရှား၏ စွမ်းအင်တင်သွင်းမှုများအပေါ် အလွန်အမင်း မှီခိုနေရသည့် ဂျာမနီအနေဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် အကျိုးဆက်ကြောင့် ဂျာမနီစွမ်းအင်ကဏ္ဍမှာ အကာအကွယ်မဲ့၍ ကစဉ့်ကလျား ဖြစ်သွားခဲ့သည်။

ဂျာမနီတွင် ယခုနှစ်၏ မပြင်းထန်သော ဆောင်းရာသီကြောင့် စီးပွားရေးကို ပျက်စီးစေနိုင်လောက်သည့် ဓာတ်ငွေ့ပြတ်လပ်မှုကဲ့သို့သော အဆိုးရွားဆုံးသော အခြေအနေများ မဖြစ်ပေါ်ခဲ့ပါ။

၂၀၂၀ ပြည့်နှစ်အစတွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် ဂျာမနီ၏ စီးပွားရေးကဏ္ဍ အားလုံးကို ထိထိရောက်ရောက်ပိတ်ပစ်ရန် အစိုးရအား စေ့ဆော်တိုက်တွန်းလာသည့်အတွက် နောက်ဆုံးတွင် ဂျာမနီ၏ စီးပွားရေးကျဆင်းမှု ဖြစ်လာခဲ့သည်။

နောက်ဆုံးရရှိထားသော GDP ကိန်းဂဏန်းများသည် ဂျာမနီ၏ စီးပွားရေးပြဿနာများကို အဓိက မီးမောင်းထိုးပြနေသည့် အချက်အလက် အကြောင်းအရာများပင်ဖြစ်သည်။ နိုင်ငံ၏ အရေးပါသော ကုန်ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ကုန်ပစ္စည်းများ ဝယ်လိုအားကျဆင်းနေချိန်တွင် ရုန်းကန်နေရ ပါသည်။ ifo Institute မှ လစဉ်ထုတ်ဝေသော ဂျာမနီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်းကိန်းသည် မေလတွင် မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းခဲ့ပြီး ၎င်းမှာ ခြောက်ကြိမ်ဆက် တိုက်တိုးတက်မှုရရှိပြီးနောက် ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်ကြောင်း ဖော်ညွှန်းနေပါသည်။

မော်တော်ကားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ပို့ကုန်အစီအစဉ်များကို ပြင်းထန်စွာ တားမြစ်ထားခြင်းကြောင့်  ifo ၏ ပို့ကုန်ဆိုင်ရာ မျှော်မှန်းချက်များသည်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းကပင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

ING မှ စီးပွားရေးပညာရှင် Carsten Brzeski က နှစ်အစတွင် အကောင်းမြင်မှုဖြင့် စတင်ရမှသာ လက်တွေ့တွင် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ဝယ်ယူမှု စွမ်းအားကျဆင်းမှု၊ စက်မှုလုပ်ငန်းများ၌ အော်ဒါနည်းပါးသွားမှု၊  ဆယ်စုနှစ်များအတွင်း ချည်နှောင် တင်းကျပ်ထားသည့် အပြင်းထန်ဆုံးသော ငွေကြေးမူဝါဒ၏ သက်ရောက်မှုများနှင့်  မျှော်မှန်းထားသော အမေရိကန်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုတို့သည် စီးပွားရေးလုပ်ဆောင်ချက်များ အားနည်းလာမှုဖြစ်စေရေးအတွက် ဦးတည်လာစေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးနယ်ပယ်ဖြစ်သော ဂျာမနီ၏စီးပွားရေးကျဆင်းမှုနှင့် မျှော်လင့်အားရ ဖွယ်မရှိသောအလားအလာသည် ဥရောပဒေသတစ်ခုလုံးအတွက် သတင်းဆိုးဖြစ်ပြီး ငွေကြေး ဧရိယာ၏ ပထမသုံးလပတ် GDP ကို ​​ပြန်လည်စိစစ်ပြင်ဆင်မှုဆောင်ရွက်ခြင်းမှာ အထင်ရှားဆုံး သော ဂယက်ရိုက်ခတ်မှုတစ်ခုပင်ဖြစ်သည်။

ဥရောပဒေသအနေဖြင့် နည်းပညာဆိုင်ရာဆုတ်ယုတ်ကျဆင်းမှုများကို ကွာဟချက်အနည်းဆုံး သော ပမာဏဖြင့် ရှောင်ရှားနိုင်ရေးအတွက် ပထမသုံးလပတ်တွင် ယူရိုငွေကြေးဇုန်၏ GDP ကို ၀.၁ ရာခိုင်နှုန်း မှ ၀.၀ ရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင်မှုပြုလုပ်နိုင်မည်ဟု Kenningham က မျှော်လင့် ထားသည်။

ယူရိုငွေကြေးဇုန်အနေဖြင့် ဂျာမနီရှိ အိမ်ထောင်စုများ၏ စားသုံးမှုနှင့်လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံမှုများဆောင်ရွက်ရန် အကျပ်အတည်းဖြစ်စေသော ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနှင့် အတိုးနှုန်းများမြင့်တက်လာခြင်းတို့အပေါ် များစွာစိတ်သောကရောက်လျက်ရှိသည်။ ထုတ်လုပ်မှု ကဏ္ဍသည်လည်း အော်ဒါအသစ်များရရှိမှု သိသာစွာကျဆင်းသွားခြင်းနှင့်အတူ ရုန်းကန်နေရပါသည်။ သို့သော် ငွေကြေးဖောင်းပွမှုဒဏ်ကိုခံနေရသော မိသားစုများအနေဖြင့်  ကုန်ပစ္စည်းများဝယ်ယူခြင်းထက် ခရီးသွားခြင်းနှင့်အပန်းဖြေခြင်းတို့တွင် ဦးစားပေးသုံးစွဲနေကြသောကြောင့် ဝန်ဆောင်မှုကဏ္ဍ သည် ကောင်းမွန်သော လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။

ဥရောပဗဟိုဘဏ်သည် ကုန်ဈေးနှုန်းများ ကျဆင်းစေရေးအတွက် ဝယ်လိုအား လျော့နည်းစေရန် အတိုးနှုန်းကို ဆက်လက်မြှင့်တင်နေသောကြောင့် စီးပွားရေးအခြေအနေမှာ ဆက်လက်ဆိုးရွားနေမည်ဟု မျှော်လင့်ရပါသည်။ ဧပြီလတွင် ၇ ရာခိုင်နှုန်းရှိခဲ့သော ဥရောပဒေသ၏ ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဖြစ်သော ၂ ရာခိုင်နှုန်းအထက်တွင် ကောင်းစွာရှိနေဆဲဖြစ်ပါသည်။

 

 

 

Source:   https://www.dw.com/en/germany/s-1432

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany