Korea

သွင်းကုန်တင်သွင်းမှုကျဆင်းသည့်အတွက် ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း တောင်ကိုရီးယားနိုင်ငံစီးပွားရေး ၀.၆ ရာခိုင်နှုန်းတိုးတက်လာ

Last Updated:

၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလဖြစ်သည့် ဧပြီလမှ ဇွန်လအထိကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုကျဆင်းခဲ့သည့်အတွက် စုစုပေါင်းကုန်သွယ်မှုတွင် အသားတင်တိုးတက်မှုဖြစ်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ ကနဦးခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်ကာလက GDP တိုးတက်နှုန်းဖြစ်သည့် ၀.၃ ရာခိုင်နှုန်းထက်ပိုမိုခဲ့ပါသည်။ ယင်းသို့ သုံးလပတ်ကာလ (၂) ခုကို နှိုင်းယှဉ်ချက်အရ တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေးပြန်လည်နလန်ထူလာပြီဖြစ်သည်ကို သိရှိနိုင်ပါကြောင်း  တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။

GDP တိုးတက်မှုရှိလာခြင်းမှာ သွင်းကုန်တင်သွင်းမှုကျဆင်းခြင်းကြောင့်သာဖြစ်ပြီး တိုင်းပြည်စီးပွားရေးတိုးတက်နှုန်းအတွက် အဓိကမောင်းနှင်အားနှစ်ခုဖြစ်ကြသော ပို့ကုန်တင်ပို့မှုနှင့် စားသုံးသူသုံးစွဲနှုန်းတိုးတက်မှုကြောင့် မဟုတ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်း စားသုံးသူသုံးစွဲနှုန်းသည် ပထမသုံးလပတ်ကာလနှင့် နှိုင်းယှဉ်လျှင် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဓိကအားဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် စားသုံးသူသုံးစွဲနှုန်းကျဆင်းခဲ့ကြောင်း၊ ကိုဗစ်ဆိုင်ရာစည်းမျဉ်းများ ဖယ်ရှားပေးပြီးဖြစ်သော်လည်း စားသုံးသူများအနေဖြင့် စားသောက်ဆိုင်နှင့် ခရီးသွားတည်းခိုမှုများသို့ သွားလာသုံးစွဲမှုလျော့ကျနေကြောင်း၊ စားသုံးသူသုံးစွဲနှုန်းသာမကအစိုးရ၏သုံးစွဲမှုလည်း ၁.၉ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လူမှုဖူလုံရေးအတွက်သုံးစွဲမှုနှင့် ဆောက် လုပ်ရေးနှင့်အဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံမှုသည်လည်း ၀.၃ ရာခိုင်နှုန်းနှင့် ၀.၂ ရာခိုင် နှုန်းစီအသီးသီးကျဆင်းခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် GDP တိုးတက်မှုသည် ၀.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းကို ၁.၄ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားရာ ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ၁.၇ ရာခိုင်နှုန်းတိုးတက်မှသာလျှင် ခန့်မှန်းချက်အတိုင်း တိုးတက်နိုင်မည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ပြောကြားခဲ့ပါသည်။ အချို့သော စီးပွားရေးပညာရှင်များကမူ စီးပွားရေးတိုးတက်နှုန်းသည် တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်ကခန့်မှန်းထားသည့်အတိုင်း ရောက်ရှိနိုင်ကြောင်း၊ သို့သော် ဒုတိယသုံးလပတ်တွင် သွင်းကုန် တင်သွင်းမှု သိသိသာသာကျဆင်းမှုကြောင့် စီးပွားရေးတိုးတက်မှုပုံစံကို “စီးပွားရေးတိုးတက်မှုအရှိန်ရရန် မိမိကိုယ်တိုင်ရုန်းကန်နေရသည့်နိုင်ငံများ”တွင် မြင်ရလေ့ရှိကြောင်းပြောကြားခဲ့ကြပါသည်။ ၂၀၂၃  ခုနှစ်အတွင်း လာမည့် ဒုတိယသုံးလပတ်များတွင် တောင်ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံအများတွင်  အတိုးနှုန်းမြှင့်တင်မှုကိုရပ်နားနိုင်ပြီး စားသုံးသူများ၏ ဝယ်လိုအားပြန်လည်မြင့်မားနိုင်သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ဆက်လက်တိုးတက်နေမည်ဟု တောင်ကိုရီးယားနိုင်ငံစီးပွားရေးသုတေသနသိပ္ပံ (Korea Economic Research Institute- KERI) မှ စီးပွားရေးမူဝါဒအဖွဲ့ခေါင်းဆောင် Lee Sang-ho ကပြောကြားခဲ့ပါသည်။

         

 

 

Source: https://www.koreatimes.co.kr/www/biz/2023/07/602_355674.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

                                               

                                                                                     

 

Category: Korea