China (HongKong)

ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

Last Updated:

ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု စီမံကိန်းများနှင့် fintech ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ဟောင်ကောင်နှင့် ဆော်ဒီအာရေဗျ ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများအကြား  သဘောတူညီခဲ့ကြကြောင်း ဇူလိုင်လ ၂၈ ရက်နေ့ထုတ် South China Mornging Post သတင်းစာတွင် “HK deepens ties with Saudi Arabia” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မပြင်ပ အကြီးဆုံးယွမ်ငွေဈေးကွက်ဖြစ်သည့် ဟောင်ကောင်မှတစ်ဆင့် တရုတ်ပြည်မသို့ ချိတ်ဆက်သွားနိုင်ရန်အတွက် ဟောင်ကောင်ဒေသနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ဆော်ဒီအနေဖြင့် စိတ်အားထက်သန်လျက်ရှိသကဲ့ ဟောင်ကောင်ဒေသအနေဖြင့်လည်း အာရပ်ကမ္ဘာ၏ အကြီးဆုံးဈေးကွက်ဖြစ်သည့် ဆော်ဒီသို့ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို မျှဝေပေးသွားလိုကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့အစည်း  (HKMA) နှင့် ဆော်ဒီအာရေဗျ ဗဟိုဘဏ် (SAMA) တို့မှ တာဝန်ရှိသူများအကြား ဇူလိုင် ၂၆ ရက်နေ့တွင် နားလည်မှု စာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခြင်းနှင့်အတူ ကြီးကြပ်မှုဆိုင်ရာ နည်းပညာများ၊ တုံကင်ထုတ်ပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ အခြေခံအဆောက်အဦး ကဲ့သို့သော နယ်ပယ်များတွင် လက်တလော ဖြစ်ပေါ်တိုးတက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

SAMA ဥက္ကဋ္ဌ Ayman Abaydri နှင့် HKMA မှ အမှုဆောင်အရာရှိချုပ် Eddie Yue Wai-man တို့အကြား ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦး၊ ဈေးကွက်ဖွင့်လှစ်မှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဈေးကွက်ချိတ်ဆက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု ဟောင်ကောင်ဗဟိုဘဏ်မှ ဇူလိုင်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

လက်ရှိဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်၍ အကောင်းဆုံးအလေ့အထများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များ၊ မူဝါဒနှင့် ဥပဒေရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် fintech ဆိုင်ရာ အသိပညာမျှဝေခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်းနှင့် သဘောတူညီချက်အရ နှစ်ဖက်အကြား fintech နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်များကို ဆော်ဒီအာရေဗျ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး  Absullah Al-Swaha ပြောကြားပြီးနောက် နှစ်ဖက်ဗဟိုဘဏ်အကြီးအကဲများအကြား တွေ့ဆုံခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍမှာ နှစ်စဉ် ဝင်ရောက်လုပ်ကိုင်သူများ၊ ဝန်ဆောင်မှုများနှင့် ဆန်းသစ်တီထွင်မှုများကြောင့် ကျယ်ပြန့်လာနေပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍအသီးသီးကို အထောက်အကူပြုကြောင်း၊ ယခုသဘောတူညီချက်သည် ဟောင်ကောင်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးကို အထောက်အကူပြုရုံသာမက၊ နှစ်ဖက်ဗဟိုဘဏ်များအကြား အပြန်အလှန်သက်ဆိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် ပိုမိုခိုင်မာလာစေမှာဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)    

Category: China (HongKong)