China (HongKong)

ဒုတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသ စီးပွားရေး တိုးတက်မှု ကျဆင်းလာနိုင်ဖွယ်ရှိ ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

၂၀၂၃ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ်တွင် ဟောင်ကောင်ဒေသ၏ စီးပွားရေး တိုးတက်မှု ကျဆင်းလာနိုင်ဖွယ်ရှိသောကြောင့် ပြည်သူလူထု၏ သုံးစွဲမှုပုံစံ ပြောင်းလဲလာချိန်တွင် ယှဉ်ပြိုင်နိုင်မှုမြှင့်တင်နိုင်ရေးအတွက် အတွေးအမြင်အသစ်များနှင့် မဟာဗျူဟာသစ်များ ချမှတ်ဆောင်ရွက်သွားရန် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါ သည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ်၏ ဂျီဒီပီမှာ ဆက်လက်တိုးတက်နေမည် ဖြစ်သော်လည်း စီးပွားရေးပြန်လည်နာလံထူရေးလုပ်ဆောင်ရာတွင် တိုးတက်မှုအခြေအနေမှာ တည်ငြိမ်နေမည်မဟုတ်ကြောင်း၊ ဒုတိယသုံးလပတ်၏ တိုးတက်မှုမှာ ပထမသုံးလပတ်တွင်ရှိခဲ့သည့် တိုးတက်မှု ၂.၇ ရာခိုင်နှုန်းထက် နိမ့်နိုင်ဖွယ်ရှိကြောင်း၊ တိုးတက်မှုအတွက် ပထမဆုံးစိန်ခေါ်မှုမှာ ဟောင်ကောင်ဒေသခံများနှင့် ခရီးသွားများ၏ သုံးစွဲမှုပုံစံကြောင့်ဖြစ်ကြောင်း၊ ဇူလိုင် လ ၃၁ ရက်နေ့တွင် ထုတ်ပြန်မည့် ဒုတိယသုံးလပတ် ဂျီဒီပီတိုးတက်မှု ခန့်မှန်းချက်နှင့် စပ်လျဉ်း၍ ပြီးခဲ့သည့် သုံးလပတ်နှင့်ယှဉ်လျှင် တိုးတက်မှု အနည်းငယ်ကျဆင်းနေမည်ဖြစ်သော်လည်း ယေဘုယျအားဖြင့် စီးပွားရေးတိုးတက်မှု ရှိနေဦးမည်ဖြစ်ကြောင်း၊ လက်တွေ့တွင် စီးပွားရေး ပြန်လည်နာလန်ထူရေးလမ်းကြောင်းသည် ချောမွေ့မှုမရှိဘဲ မသေချာမရေရာမှုများကြားတွင် တိုးတက်နေခြင်းဖြစ်ကြောင်း၊ သို့သော် အရေးအကြီးဆုံးအချက်မှာ ပြန်လည်နာလန်ထူမှုလမ်းကြောင်း ဦးမော့နေစေရန်သာဖြစ်သည်ဟု Chan ကပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှုအတွက် အဓိက တွန်းအားနှစ်ခုဖြစ်သည့် ကုန်သွယ်မှုနှင့် ပုံသေပိုင်ဆိုင်မှုများ၌ ရင်းနှီးမြှုပ်နှံခြင်းတို့မှာလည်း ကျဆင်းလာကြောင်း၊ ကုန်စည်ကုန်သွယ်မှုမှာ ပြင်ပဈေးကွက်များအားနည်းမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ၁၄ လ ဆက်တိုက် ကျဆင်းမှုအဖြစ် ဇွန်လ၌ ကျဆင်းခဲ့သကဲ့သို့ ပို့ကုန်တင်ပို့မှုအနေဖြင့်လည်း ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း၌ မြင့်တက်ခဲ့သည့် ပုံသေပိုင်ဆိုင်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းမှာလည်း ကျဆင်းမည့် အရိပ်အခြေများ တွေ့မြင်ရကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသခံများအနေဖြင့် ရှန်ကျန်းကဲ့သို့သော တရုတ်ပြည်မမှ မြို့များတွင် သွားရောက်သုံးစွဲလာခြင်းနှင့်အတူ ကိုဗစ်-၁၉ အလွန်ကာလတွင် ညဘက်အပြင်ထွက်ခြင်းနှင့် ဈေးဝယ်ခြင်းများ လျော့ကျလာကြောင်း၊ အခြားတစ်ဖက်တွင် တရုတ်ပြည်မမှလာရောက်သည့် ခရီးသွားများမှာ ဈေးဝယ်မှုထက် ဒေသခံများ၏ ယဉ်ကျေးမှုကို ပိုမိုစိတ်ဝင်စားကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဒေသ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့်ကဏ္ဍမှာ ပြည်တွင်းစားသုံးမှု တစ်ခုသာကျန်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလနှင့် မေလအတွင်း လက်လီရောင်းချမှုမှာ ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ စားသောက်ဆိုင်များ၏ ရောင်းချမှုမှာလည်း ယခင်နှစ်ကထက် သိသိသာသာတိုးတက်လာမည်ဟု ခန့်မှန်းထားခဲ့ကြောင်း၊ သို့သော် တိုးတက်မှုများရရှိနိုင်ရန်အတွက် အတွေးအခေါ်အသစ်များ၊ စားသုံးသူများဆွဲဆောင်မှုနှင့် ဈေးကွက်မြှင့်တင်ရေးတွင် ဆန်းသစ်တီထွင်မှုများ လိုအပ်မည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ အထိ GDP တိုးတက်မှုခန့်မှန်းချက်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အစိုးရမှ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

ဟောင်ကောင်ဒေသ၏ စီးပွားရေးနှင့်စပ်လျဉ်း၍ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှု၏ အဓိကတွန်းအားဖြစ်သည့် ကုန်သွယ်မှု ကျဆင်းနေခြင်းကို ဒေသအစိုးရအနေဖြင့် အလေးထားမှုကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)    

Category: China (HongKong)