Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆန်အခြေအနေကို အနီးကပ်စောင့် ကြည့်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား ညွှန်ကြားခဲ့

Last Updated:

အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်သောဆန်ဖြူ (non-basmati white rice) တင်ပို့မှုကို ချက်ချင်း ပိတ်ပင်လိုက်သည့် ညွှန်ကြားချက်ကို၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဆန်ထုတ်လုပ်မှု၊ ပို့ကုန် သို့မဟုတ် သွင်းကုန်အပါအဝင် ဆန်အခြေအနေကို အနီးကပ်စောင့်ကြည့်ရန်ပြည်ပကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနနှင့် စီးပွားရေးသံမှူးများအား  ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ညွှန်ကြားလိုက်ပါသည်။

ယင်းသို့ဆောင်ရွက်ရခြင်းမှာ ထိုင်းနိုင်ငံ၏ အနာဂတ်ဆန်တင်ပို့မှုနှင့်စပ်လျဉ်း၍ လမ်းကြောင်းအစီအစဉ်နှင့် အစီအမံများချမှတ်ရန်အတွက် အချက်အလက်များ စုဆောင်းရန်ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်မှာ တင်ပို့နေကျဖြစ်သော နိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လာမှုကို ဖော်ထုတ်ရန်နှင့် ပို့ကုန်ဈေးနှုန်းအခြေအနေကို ဆန်းစစ်ရန်ကဲ့သို့သော ပို့ကုန်အခြေအနေကို စောင့်ကြည့်ရန်ဖြစ်ကြောင်း၊ ပြည်ပစီးပွားရေး သံမှူးများက နိုင်ငံအလိုက် ဆန်နှင့်စပ်လျဉ်းသည့် မူဝါဒများနှင့် အစီအမံများ အထူးသဖြင့် ဝယ်လိုအားမြင့်တက်လာမှုကို စောင့်ကြည့်နေချိန်တွင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ပြည်တွင်းဆန်လက်ကျန်နှင့် ဆန်ဈေးနှုန်းများကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ဆန်ဈေးကွက်လားရာကို ရှင်းလင်းသေချာစွာ သိရှိရပြီဆိုပါက ကမ္ဘာ့ဆန်ဈေးကွက် အခြေအနေ၏ ပြင်းထန်မှုပေါ်မူတည်၍ သင့်လျော်သော အစီအစဉ်များနှင့် အစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေအနေများသည် ပုံမှန်ဖြစ်ပါက ဈေးကွက်ယန္တရားသည်လည်း ပုံမှန် လည်ပတ်သွားမည်ဖြစ်ပါကြောင်း၊ ဆန်ဝယ်လိုအားမြင့်မားလာသည့်အခြေအနေတွေ့ရှိပါက ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်မည့် အစီအမံများကို အခါအားလျော်စွာ စဉ်းစား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Mr. Keerati က ရှင်းလင်းပြောကြားပါသည်။

ထိုင်းနိုင်ငံသည် ဆန်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လုံလောက်သည့် ထုတ်လုပ်မှုနှင့်အတူ ပို့ကုန်အတွက် ပိုလျှံနေသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံအတွင်း၌ ဆန်ပြတ်လပ်မှုမရှိနိုင် ကြောင်း၊ ၁ ပတ်မှ ၂ ပတ်အတွင်း ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေကို သဲသဲကွဲကွဲသိနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဆန်တင်ပို့မှုသည် တန် ၈ သန်းထက်ပိုနိုင်ကြောင်း၊  ပြည်တွင်းဈေးနှုန်းကို လည်း သင့်တော်သည့် ဈေးနှုန်းအတိုင်း ထိန်းထားမည်ဖြစ်ကြောင်း၊ လယ်သမားများအတွက် ဝင်ငွေတိုးမြင့်လာနိုင်ကြောင်း Mr. Keerati က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand