USA

အမေရိကန်နိုင်ငံ၏ တတိယသုံးလပတ်ဂျီဒီပီအစီရင်ခံစာ ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၃၀-၁၀-၂၀၂၄ ရက်ထုတ်ပြန်ခဲ့သည့် ဂျီဒီပီ အစီရင်ခံစာအရ အမေရိကန်နိုင်ငံ၏ တတိယသုံးလပတ် ဂျီဒီပီသည် (၂.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဒုတိယသုံးလပတ်တွင် ဂျီဒီပီတိုးနှုန်းသည် (၃)ရာခိုင်နှုန်းရှိခဲ့သဖြင့် တတိယသုံးလပတ်တွင် တိုးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ စီးပွားရေးသည် သမ္မတလောင်းနှစ်ဦးစလုံးအတွက် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ပြီး ယခုဂျီဒီပီအစီရင်ခံစာသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ (၆) ရက်အလိုတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ စီးပွားရေးပညာရှင်များက သမ္မတလောင်းကမ်မလာဟဲရစ်အနေဖြင့် အလုပ်အကိုင်အများအပြားဖန်တီးပေးနိုင်ပြီး ဘဏ္ဍာငွေလိုအပ်မှုနှင့် ငွေကြေးဖောင်းပွမှုကို လျော့ချနိုင်မည်ဟု ယူဆကြသော်လည်း မဲဆန္ဒရှင်များက သမ္မတလောင်းဒေါ်နယ်ထရမ့်သည် စီးပွားရေးကို ပို၍ကောင်းမွန်စွာကိုင်တွယ်နိုင်သူအဖြစ် အသိအမှတ်ပြုကြကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် စီးပွားရေးအခြေအနေသည် မျှော်မှန်းသည်ထက် ပို၍ကောင်းမွန်ခဲ့ပြီး ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို လျှော့ချရန်အတိုးနှုန်းတိုးမြှင့် သတ်မှတ်ကောက်ခံခဲ့သော်လည်း စီးပွားရေးကျဆင်းနိုင်သည့်အခြေအနေသို့ မရောက်ရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအပေါ် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများက ကျားကန်ပေးလျက်ရှိကြောင်း၊ တတိယသုံးလပတ်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုသည် (၃.၇) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးသုံးစွဲမှုသည် အတက်အကျမရှိတည်ငြိမ်နေခဲ့ပြီး ဆော့ဖ်ဝဲလ်နှင့် စက်ပစ္စည်းကိရိယာများ၏ ရင်းနှီးမြှုပ်နှံမှုသည် (၃.၃) ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ကြောင်းသိရှိ ရပါသည်။

ထို့အပြင် ချေးငွေစရိတ်များ မြင့်မားနေခြင်းမှာလည်း တတိယသုံးလပတ်အတွင်း အိမ်ခြံမြေ ဈေးကွက်ကျဆင်းသည့် အကြောင်းအရင်းဖြစ်ပြီး အိမ်ခြံမြေဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုသည် (၅.၁) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တတိယသုံးလပတ်အတွင်း ငွေကြေးဖောင်းပွမှု လျော့ကျခဲ့ပြီး လောင်စာဆီဈေးနှုန်းလည်း ကျဆင်းခဲ့သဖြင့် စားသုံးသူများအတွက် စိတ်သက်သာရရစေခဲ့ကြောင်း၊ တစ်ဦးချင်းစားသုံးသူဈေးဆနှုန်းဖြင့်တိုင်းတာသည့် ငွေကြေးဖောင်းပွမှုသည် ဒုတိယသုံးလပတ်တွင် (၂.၅) ရာခိုင်နှုန်းရှိခဲ့ရာ တတိယရက်သတ္တပတ်အတွင်း (၁.၅) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ လောင်စာဆီနှင့် စားသောက်ကုန်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုသည့် Core Inflation မှာ လည်း ဒုတိယသုံးလပတ်တွင် (၂.၈) ရာခိုင်နှုန်းရှိခဲ့ရာမှ တတိယသုံးလပတ်တွင် (၂.၂) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

တတိယသုံးလပတ်ဂျီဒီပီအစီရင်ခံစာနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်တွင် ၎င်း သမ္မတအဖြစ်စတင်တာဝန်ယူသည့်အချိန်မှစ၍ အမေရိကန်နိုင်ငံ၏စီးပွားရေးသည် (၁၂.၆) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး နှစ်ပေါင်း (၅၀)အတွင်း အလုပ်လက်မဲ့နှုန်းအနိမ့်ဆုံးသို့ ရောက်ရှိခဲ့ ခြင်း၊ အလုပ်အကိုင်ပေါင်း (၁၆)သန်းဖန်တီးပေးခဲ့နိုင်ခဲ့သကဲ့သို့ ဝင်ငွေသည် ငွေကြေးဖောင်းပွမှုနှုန်း ထက် အမေရိကန်ဒေါ်လာ (၄,၀၀၀) အထိ တိုးလာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။ Wall Street Journal, The White House)

စီးပွားရေးသံမှူး၊ဝါရှင်တန်

Category: USA