Thailand

ထိုင်းနိုင်ငံ၊ Eastern Economic Corridor (EEC) ရှိ အချက်အလက်စင်တာ (Data Centre) ၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် Microsoft က ကြေညာခဲ့

Last Updated:

အရှေ့တောင်အာရှရှိ AI ပြောင်းလဲမှုတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ထိုင်းနိုင်ငံ ရှိ အချက်အလက်စင်တာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း Microsoft က Microsoft Build: AI Day in Bangkok ပွဲ၌ ကြေညာခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ကဏ္ဍနှင့် AI အနာဂတ်အတွက် ကူညီပေးနိုင်ရေး ထိုင်းနိုင်ငံ အစိုးရ နှင့် Microsoft တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပထမဆုံးသော အချက်အလက်စင်တာကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါကြောင်း၊ Azure အချက်အလက်စင်တာသည် EEC တွင် တည်ရှိမည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် AI အတွက် အခွင့်အလမ်းများစွာရှိပါကြောင်း Microsoft ၏ CEO ဖြစ်သူ Mr. Satya Nadella က ပြောကြားခဲ့ပါသည်။

အချက်အလက်စင်တာနှင့်အတူ Cloud ၊ AI အခြေခံအဆောက်အအုံနှင့် AI အရည်အသွေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလည်း တစ်ပါတည်း ဖြစ်ပါကြောင်း၊ Microsoft သည် Amazon Web Services နှင့် Google တို့ပြီးနောက် ထိုင်းနိုင်ငံတွင် Cloud ၊ AI အခြေခံအဆောက်အအုံသစ်များ တည်ထောင်ရန် ကတိကဝတ်ပြုခဲ့သည့် နောက်ဆုံးပေါ် အမေရိကန်နည်းပညာကုမ္ပဏီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် အာရှပစိဖိတ်၏ AI ခေတ်တွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည့် ကုမ္ပဏီ၏ မဟာဗျူဟာဖြစ်သကဲ့သို့ ပထဝီဝင်နိုင်ငံရေးသက်ရောက်မှုများကို လျှော့ချရာရောက်ပါကြောင်း၊ လာမည့် ၂ နှစ်အတွင်း ဂျပန်နိုင်ငံရှိ Cloud Computing နှင့် AI အခြေခံအဆောက်အအုံတွင် အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၅ ခုနှစ်တွင် အာဆီယံရှိ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့တွင် AI အဆင့်မြင့်အရည်အချင်းဆိုင်ရာ အခွင့်အလမ်းများကို ပြည်သူ ၂.၅ သန်း အတွက် ဖန်တီးပေးမည် ဖြစ်ပါကြောင်း၊ ထိုင်းပြည်သူ ၁၀၀,၀၀၀ ကျော် အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ တီထွင်ဖန်တီးသူအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး AI ဘာသာရပ်တွင် ကျွမ်းကျင်သူများဖြစ်လာစေရန် ထိုင်း တီထွင်ဖန်တီးသူ ၆,၀၀၀ အား AI Odyssey ဖြင့် အသစ်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံများ၏ သွားရာလမ်းကြောင်းဖြစ်သည့် ဒီဂျစ်တယ်ကဏ္ဍတွင် AI သည်လည်း အရေးပါ လာလျက်ရှိရာ ထိုင်းနိုင်ငံ၏ AI ကဏ္ဍတွင် Microsoft ၏ ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ် ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အထောက်အကူတစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand