Korea

တောင်ကိုရီးယားနိုင်ငံ၏ အရှေ့ပင်လယ်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိနိုင်သည့် အလားအလာများ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ကမ်းရိုးတန်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့စည် ပေါင်း ၁၄ ဘီလီယံခန့် အထိရှိနေနိုင်သည့်အတွက် ၎င်းတို့ကို တူးဖော်သည့် စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သမ္မတယွန်ဆုခ်ယော်က ၃-၆-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။  အဆိုပါသဘာဝဓါတ်ငွေ့နှင့် ရေနံသိုက်မှ နိုင်ငံအတွက်လိုအပ်သော သဘာဝ ဓါတ်ငွေ့ကို ၂၉ နှစ်ကြာသုံးစွဲနိုင်မည့် ပမာဏရနိုင်မည့်အပြင် ရေနံစိမ်းပမာဏသည်လည်း ၄ နှစ် ကြာသုံးစွဲနိုင်မည့် ပမာဏရှိနိုင်ကြောင်း သမ္မတယွန်းက ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ရေနက်ပိုင်းနည်းပညာဆိုင်ရာ ကမ္ဘာ့ထိပ်တန်း အကြံ ပေးလုပ်ငန်းတစ်ခုဖြစ်သည့်  Act-Geo သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြေပြင်ရူပဗေဒကို နက်ရှိုင်းစွာလေ့လာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့လေ့လာမှုအရ Gyeongsang ပြည်နယ် မြောက် ပိုင်း၊ Pohang မြို့ရှိ Yeongil ပင်လယ်အော်တွင် သဘာဝဓါတ်ငွေ့နှင့်ရေနံစည်ပေါင်း ၁၄ ဘီလီယံ ခန့် ရှိနိုင်သည်ဟု အသိအမှတ်ပြုခဲ့ပါကြောင်း၊ သို့ဖြစ်၍ အမှန်တကယ် ရှိ/မရှိ သိရှိရန် လက်တွေ့ တူးဖော်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းကို ကမ္ဘာ့ထိပ် တန်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများကလည်း စိတ်ဝင်စားမှုရှိကြကြောင်း၊ ရေနံတွင်းတူး မည့် စီမံကိန်းကို ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး  ရလဒ်ကို ၂၀၂၅ ခုနှစ်၊ ပထမ ၆ လအတွင်း ကြေညာနိုင်မည်ဟု မျှော်လင့်ပါကြောင်း သမ္မတယွန်းက ဆိုးလ်မြို့ရှိ သမ္မတရုံး တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

အဆိုပါ ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်တွင် ရေနံစိမ်း ၄ ပုံ ၁ ပုံခန့် ရှိနိုင်ပြီး သဘာဝဓါတ် ငွေ့သည် ၄ ပုံ ၃ ပုံခန့် ရှိနိုင်သည့်အတွက် ပင်လယ်ကြမ်းပြင်အောက် မီတာ ၆၀၀ ကျော်အနက် တွင်ရှိသော ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်များအနက် အကြီးဆုံးသိုက်တစ်ခုဖြစ်နိုင်ကြောင်း ကုန် သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Mr. Ahn Duck-geun က‌ ပြောကြားခဲ့ပါသည်။ အဆိုပါသတင်းကြောင့် Korea National Oil Corp., ၊ Daesung Energy၊ Dongyang Steel Pipe နှင့်  Korea Gas Corp. တို့၏ ရှယ်ယာဈေးနှုန်းများသည် တစ်ရက်အတွင်း ၃၀ ရာခိုင်နှုန်း ကျော်မြင့် မားလာခဲ့ပါသည်။

၂၀၅၀ တွင် ကာဗွန်ထုတ်လုပ်မှု သုညအထိ လျှော့ချမည့်ပန်းတိုင် (The Goal of Carbon Neutrality by 2050) သို့ ရောက်ရှိစေရေး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ သိုက်ရှာဖွေတူးဖော်မှုများကို တားမြစ်ရန် နိုင်ငံတကာစွမ်းအင်အေဂျင်စီက အကြံပြုထားသည့် အ တွက် ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်ရှာဖွေတူးဖော်မည့် သမ္မတယွန်း၏အစီအစဉ်ကို ပတ်ဝန်းကျင် ဆိုင်ရာ လူမှုအဖွဲ့အစည်းများက ဝေဖန်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ပါက တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၂၀၅၀ တွင် ကာဗွန်ထုတ်လုပ်မှု သုညအထိ လျှော့ချမည့် ပန်းတိုင်ကို ရောက်ရှိနိုင်မည်မဟုတ်ဟု ပတ်ဝန်းကျင်ဆိုင်ရာ လူမှုအဖွဲ့အစည်းများက ဝေဖန်လျက် ရှိပါသည်။

 

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့

 

Category: Korea