Thailand

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် မျှော်မှန်းထားချက်နှင့် လွဲချော်နိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ်က ပြောကြားခဲ့

Last Updated:

ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများကြောင့် ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် မျှော်မှန်းထားချက်နှင့် လွဲချော်နိုင်ကြောင်း ပုဂ္ဂလိက အသင်းအဖွဲ့ဖြစ်သည့် ထိုင်းစက်မှုလုပ်ငန်းအသင်း ချုပ်က သုံးသပ်ပြောကြားခဲ့ပါသည်။

Joint Standing Committee on Commerce, Industry and Banking (JSCCIB) ၏ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်တိုးတက်မှု ခန့်မှန်းချက်သည် ၀.၅ ရာခိုင်နှုန်းနှင့် ၁.၅ ရာခိုင်နှုန်းကြား ဖြစ်ပါ ကြောင်း၊ အနိမ့်ဆုံးသတ်မှတ်ချက်သည် တစ်လလျှင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ပေါ်တွင် အခြေခံထားပါကြောင်း၊ သို့သော် ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်တန်ဖိုးသည် တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံသာရှိသဖြင့် အနည်းငယ် ကျဆင်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ကျန် ၈ လအတွက် ၁ လလျှင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံရှိမှသာ ခန့်မှန်းထား သည့် တိုးတက်မှုနှုန်း ၀.၅ ရာခိုင်နှုန်းကို ပြည့်မီနိုင်မည် ဖြစ်ပါကြောင်း အသင်းချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ဖြည့်စွက်သုံးသပ်ထားပါသည်။

တရုတ်-အမေရိကန်ကုန်သွယ်ရေး ပဋိပက္ခ၊ ပထဝီဝင်နိုင်ငံရေးအခြေအနေများနှင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွား‌ရေးကျဆင်းလာမှုတို့သည် သယ်ယူပို့ဆောင်စရိတ်ကို မြင့်တက်စေပါကြောင်း၊ ထိုင်းနိုင်ငံ ၏ ထုတ်လုပ်မှုကဏ္ဍဆိုင်ရာ ပြဿနာများကြောင့် ယှဉ်ပြိုင်မှုနှင့် တိုးတက်မှုကို အားနည်းစေပါ ကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၄ ဘီလီ ယံရှိသဖြင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃ ဘီလီယံနှင့် မလေးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံတို့ထက် နောက်ကောက်ကျနေပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၉.၇ ဘီလီယံရှိခဲ့ပြီး  ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၂.၅ ဘီလီယံနှင့် အင်ဒိုနီးရှား နိုင်ငံ သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံ ရှိခဲ့ပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် စက်ရုံ ၁,၆၀၀ မှ ၁,၇၀၀ ခန့်သည် ပိတ်သိမ်းရန် ဦးတည် နေပြီဖြစ်ကြောင်း၊ အသင်းချုပ်အနေဖြင့် နိုင်ငံ၏ စက်ရုံများကို စက်ရုံသစ်များဆောက်လုပ်ခြင်းနှင့် ကမ္ဘာ့လိုလားချက်နှင့်ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၂.၂ ရာခိုင်နှုန်းမှ ၂.၇  ရာခိုင်နှုန်းကြား ခန့်မှန်းထားပြီး ငွေ ကြေးဖောင်းပွမှုနှုန်းကို ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းကြား ခန့်မှန်းထားပါကြောင်း၊ သို့သော် စီးပွား ရေးအခြေအနေများကို လစဉ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ကိန်းဂဏန်းများကို ချိန်ညှိသွားမည် ဖြစ်ကြောင်း Mr. Kriengkrai က ပြောကြားခဲ့ပါသည်။

စီးပွားရေးပြန်လည်ကောင်းမွန်မှု မမျှတသောကြောင့် ပိုင်ဆိုင်မှုအရည်အသွေးများသည်လည်း ကျဆင်းလာလျက်ရှိသဖြင့် ဘဏ်ကဏ္ဍတွင်လည်း စိန်ခေါ်မှုများ ရင်ဆိုင်နေရပါကြောင်း၊ ချေးငွေ များနှင့် အချိန်စေ့လွန်ကြွေးကျန် (Non-performing loan- NPL) များသည် ချေးငွေတိုးတက်မှုနှုန်း ထက်ပင် ကျော်လွန်နေပါကြောင်း၊ စီးပွားရေးတိုးတက်မှု အားနည်းသော နယ်ပယ်များမှ ကြွေးမြီ ပြန် လည်ပေးဆပ်မှုသည်လည်း အားနည်းနေပါကြောင်း၊ ဘဏ်များအနေဖြင့် ချေးငွေလျှောက်ထားမှု အပေါ် ငြင်းပယ်မှုနှုန်းသည်လည်း မြင့်တက်လာလျက်ရှိကြောင်း၊ နိုင်ငံ GDP ၏ ၄၈ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသည် ဘဏ်ချေးငွေရရှိထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ပါ ကြောင်း၊ အဆိုပါ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် informal များ ဖြစ်သဖြင့် formal စီးပွားစနစ်အတွင်းသို့ ဝင်ရောက်ရန် အကူးအပြောင်းကာလတွင် Corporate အခွန်ကို ၅ နှစ်မှ ၇ နှစ်အကြား ကင်းလွတ်ခွင့်ပေးခြင်းဖြင့် ဆွဲဆောင်ရန် အစိုးရအား တိုက်တွန်းလိုပါကြောင်း ဘဏ် များအသင်း၏ ဥက္ကဋ္ဌ Mr. Payong Srivanich က အကြံပြုပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand