ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးအလားအလာအရ GDP ကို ၂.၂ ရာခိုင်နှုန်း တိုးတက် မည်ဟု ခန့်မှန်းထားရခြင်းမှာ ထုတ်လုပ်မှုကဏ္ဍပို့ကုန်ကျဆင်းမှုကြောင့် ဖြစ်ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
စီးပွားရေးတိုးတက်မှုသည် ၂.၂ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်း၊ ပို့ကုန်ကျဆင်းမှုသည် ၀.၅ ရာခိုင် နှုန်းမှ ၁.၅ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုသည် ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း အသီးသီး ဖြစ်ပါကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းပဋိပက္ခများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှု သည် ၃.၃ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ ၏ ထုတ်လုပ်မှုညွှန်ကိန်းသည် ၅.၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၈ လဆက်တိုက်ကျ ဆင်းလျက်ရှိပါကြောင်း စက်မှုစီးပွားရေးရုံးက ထုတ်ပြန်ထားပါသည်။
အစိုးရ၏ တစ်ရက်အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ တိုးမြှင့်ပေးမည့် အဆိုပြုလွှာကို ရှေ့ဆက် မတိုးသင့်ကြောင်း စီးပွားရေးညွှန်ပြချက်များက ထောက်ပြလျက်ရှိကြောင်း၊ လုပ်ခလစာတိုးမြှင့်မည့် အစီအစဉ်ကို အောက်တိုဘာ ၁ ရက်နေ့မှသာ စတင်ရန် အစိုးရကို တောင်းဆိုခဲ့သည့် ထိုင်းကုန်သည် ကြီးများအသင်း၏ အဆိုပြုချက်ကို ကော်မတီအနေဖြင့် ထောက်ခံပါကြောင်း၊ အဆိုပြုလွှာအပေါ် ပြန်လည်စဉ်းစားရန် အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြနိင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လစာတိုးမြှင့်မှုသည် လုပ်သားအင်အားများသည့် ထုတ်လုပ်မှုနှင့် အစားအသောက်ရောင်းချသည့် ဈေး သည်များကဲ့သို့သော လုပ်ငန်းငယ်များတွင် သက်ရောက်မှုရှိပါကြောင်း၊ လုပ်ငန်းများသည် စွမ်းအင် ဈေးနှုန်းမြင့်တက်မှုနှင့် ပြည်သူတို့၏ ဝယ်လိုအား ကျဆင်းလာမှုတို့အတွက် ရုန်းကန်နေရပါကြောင်း Mr. Kriengkrai က သုံးသပ်ထားပါသည်။
ထိုင်းနိုင်ငံသားများအတွက် အနည်းဆုံးလုပ်ခ လစာ တိုးမြှင့်ပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ခဲ့ပြီး ပြည်နယ်အလိုက် ဘတ် ၃၃၀ မှ ၃၇၀ ကြားဖြစ်ပါကြောင်း၊ သုံးပွင့်ဆိုင်လုပ်ခလစာ ကော်မတီက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်များနှင့် ပြည်နယ် ၁၀ ခုရှိ အနည်းဆုံးအလုပ်သမား ၅၀ ဦးရှိသော ကြယ် ၄ ပွင့်အဆင့်ရှိဟိုတယ်များအတွက် လစာကို ဘတ် ၄၀၀ ထိတိုးမြှင့်ရန် အတည် ပြုခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါကြောင်း၊ အခြားနယ်ပယ်များနှင့် လုပ်ငန်းအမျိုးအစားအလိုက် လစာတိုးမြှင့်ပေးသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ Joint Standing Committee on Commerce, Industry and Banking (JSCCIB) က စီးပွားရေးအလားအလာ တိုးတက်မှုနှုန်းကို ကမ္ဘာ့ကုန်သွယ်ရေးနှေးကွေးလာမှု၊ အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးရန် လျာထားမှုနှင့်ထုတ်လုပ်မှုကုန်ကျစရိတ်တိုးမြှင့်လာမှုအပေါ်မူတည်၍ လျော့နည်းခန့်မှန်းထားခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Source: www.bangkokpost.com
သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။