Thailand

ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် ဆိုင် ရာ ပထမအကြိမ် ဆွေးနွေးပွဲကို ဗန်ကောက်မြို့တွင် ကျင်းပသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ဆိုင်ရာ ပထမအကြိမ် ဆွေးနွေးပွဲကို ဗန်ကောက်မြို့တွင် ကျင်းပသွားရန် ရှိကြောင်း ကုန်သွယ်မှု ညှိနှိုင်းရေးဦးစီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အပေါ် ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက် နေ့တွင် သဘောတူညီခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် Free Trade Agreement-FTA လုပ်ငန်းညွှန်း တမ်းအပေါ် သဘောတူညီခဲ့ပါကြောင်း၊ ကိုရီးယား-ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်သည် အာဆီယံ- ကို ရီးယား FTA နှင့် Regional Comprehensive Economic Partnership –RCEP တို့အပေါ် အခြေခံရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ FTA အသစ်သည် ကိုရီးယားနိုင်ငံမှ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာမည့် ကုမ္ပဏီများနှင့် Startup များကို ပိုမိုဆွဲဆောင်လာနိုင်ပြီး ထိုင်း နိုင်ငံ၏ ယှဉ်ပြိုင်မှုကို တိုးမြင့်စေမည်ဖြစ်ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။

ကိုရီးယားလုပ်ငန်းများအနက် ထိုင်းနိုင်ငံအနေဖြင့် အဓိကထားသည့် လုပ်ငန်းများမှာ လျှပ်စစ် မော်တော်ကားနှင့် အစိတ်အပိုင်းထုတ်လုပ်သူများနှင့် သတင်းအချက်အလက်နည်းပညာ ကုမ္ပဏီများ ဖြစ်ကြောင်း၊ ပူးတွဲကော်မတီသည် ကော်မတီခွဲ ၁၃ ခု၏ FTA ပါ ကဏ္ဍများအလိုက်ဆွေးနွေး ချက်များ အပေါ် ကြီးကြပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကိုရီးယားနိုင်ငံသည် ထိုင်းနိုင်ငံ၏ အဆင့် ၁၂ ရှိသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၄.၇၃ ဘီလီယံရှိခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆.၃၀ ဘီလီယံရှိခဲ့ကြောင်း Ms. Chotima က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ချုပ်ဆိုထားသည့် FTA များအပြင် အလားအလာရှိသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံ FTA အသစ်များချုပ်ဆိုနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်နေသကဲ့သို့ မိမိနိုင်ငံသား များအတွက် ခံစားခွင့်များရရှိနိုင်သည့် အခွင့်အလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand