Thailand

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေး နွေးမှုကို ယခုနှစ်အတွင်း အပြီးသတ်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂနှင့် တရားမဝင်၊ အစီရင်ခံမတင်ပြမှုနှင့် စည်းကမ်းမလိုက်နာဘဲ ငါးဖမ်းမှုကို တားဆီးရန် ဆွေးနွေးလျက်ရှိသောကြောင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ဆိုင်ရာ ဆွေးနွေးမှုကို ယခုနှစ်အတွင်း အပြီးသတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂနေ့ (၂၀၂၄) ကို ၉-၅-၂၀၂၄ ရက်နေ့က ဗန်ကောက်မြို့ ဥရောပသမဂ္ဂသံရုံးတွင် ကျင်းပခဲ့ပါကြောင်း၊ ဥရောပရှိ ငြိမ်းချမ်းမှုနှင့် စည်းလုံးမှုကို ဂုဏ်ပြုသည့်အနေဖြင့် ဥရောပသမဂ္ဂနေ့ကို နှစ်စဉ် မေလ ၉ ရက်နေ့တွင် ကျင်းပလျက်ရှိပါကြောင်း၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Robert Declaration က ၁၉၅၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည့် သမိုင်းဝင် “Schuman Declaration” အတွက် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကြေညာ ချက်သည် ဥရောပအဖွဲ့ဝင်များအကြား ပဋိပက္ခထပ်မံမဖြစ်ပွားစေရေး ကာကွယ်ပေးရန်ဖြစ်ကြောင်း ဥရောပသမဂ္ဂဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားပါသည်။

ထိုင်းအစိုးရက ဥရောပသမဂ္ဂ-ထိုင်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို ယခုနှစ် အတွင်း အပြီးသတ်ဆွေးနွေးရန် ရည်မှန်းထားပါကြောင်း၊ အဆိုပါ FTA သည် နှစ်နိုင်ငံ စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ရုံသာမက စီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်း ထောက်ပံ့မှုကွင်းဆက်ကိုပါ အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးတိုးတက်မှုရရှိရန် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အလုပ်သမားတို့၏ အသက်မွေးဝမ်းကြောင်းတို့အကြား မျှတမှုဖြစ်စေရန် တရားမဝင်၊ အစီရင်ခံမတင်ပြမှုနှင့် စည်းကမ်းမလိုက်နာဘဲ ငါးဖမ်းမှုကို ကာကွယ်ရာ၌ ထိုင်းနိုင်ငံ၏ရပ်တည်ချက်ကို ပြသသွားမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့်အနီးကပ်စေ့စပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ဝန်ကြီး Mr. Jakkapong Sangmanee က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့်လည်း ထိုင်းနိုင်ငံနှင့် FTA ညှိနှိုင်းလိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် နှစ်ဖက်လုံးတွင် တိုးတက်လာပါကြောင်း၊ ဥရောပသမဂ္ဂသည် ထိုင်းနိုင်ငံတွင် တတိယအကြီးဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး ထိုင်းနိုင်ငံသား ၁၆၀,၀၀၀ ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးပါကြောင်း၊ နှစ်နိုင်ငံ လုံးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုနှင့်သမုဒ္ဒရာဆိုင်ရာ အုပ်ချုပ်မှုတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂသံအမတ်ကြီး Mr. David Daly က ဖြည့်စွက်ပြောကြားခဲ့ ပါသည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် FTA လက်မှတ်ရေးထိုး၍ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand