Thailand

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ကုန်တန်ဖိုး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား မြင့်တက်လာနိုင်သည်ဟု The Gem and Jewelry Institute of Thailand (GIT) က ခန့်မှန်းထားခဲ့

Last Updated:

ကမ္ဘာ့စီးပွားရေးမသေချာမှုများ ရှိနေသော်လည်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ကုန်သည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား တိုးတက်နိုင်ကြောင်း The Gem and Jewelry Institute of Thailand (GIT) က ခန့်မှန်းထားပါသည်။

၂၀၂၃ ခုနှစ်အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၄.၆ ဘီလီယံ (၂.၈၃ ရာခိုင်နှုန်း) နှင့် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၄.၁၂ ဘီလီယံသို့ အသီးသီးကျဆင်းခဲ့ကြသော်လည်း ကျန်ကာလများအတွင်း ပို့ကုန်တန်ဖိုး မြင့်တက်လာ နိုင်ပြီး ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းကြား တိုးတက်လာနိုင်ကြောင်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပို့ကုန်သည် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်များနှင့် ကွန်ပျူတာများနောက် အဆင့် ၃ နေရာတွင်ရှိသော ပို့ကုန်အမယ်တစ်မျိုးဖြစ်ပါကြောင်း၊ ပို့ကုန်တန်ဖိုး (ရွှေအကြမ်းထည်မပါ) သည် ခိုင်မာနေဆဲဖြစ်ပါ ကြောင်း GIT ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Sumeth Prasongphongchai က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် ၁၄ နေရာ၌ ရပ်တည်လျက်ရှိပြီး ရောင်စုံကျောက်တင်ပို့ရာ၌ အမေရိကန်နှင့် ဟောင်ကောင်တို့နောက် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိပါကြောင်း၊ ပို့ကုန်ခိုင်မာနေဆဲဖြစ်သည့် အရေးကြီးပို့ကုန်များမှာ ရွှေ၊ ရွှေ လက်ဝတ်ရတနာ၊ ငွေလက်ဝတ်ရတနာ နှင့် အရောင်တင်နှင့် စိန်ဖြတ်စများ ဖြစ်ကြောင်း၊ ဇိမ်ခံအမျိုး အစားများစွာမှာ လက်ဝတ်ရတနာများ၊ ကျောက်များဖြစ်သည့် ပတ္တမြား၊ နီလာ၊ ရွှေနှင့် ငွေတို့သည် လည်း ကမ္ဘာ့အဆင့်အတန်းမီပါကြောင်း၊ အဆိုပါ ပစ္စည်းများကို အဖိုးတန်ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက် အလားအလာအတိုင်း ခိုင်မာသော ဝယ်လိုအားရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဇိမ်ခံအမျိုးအစားများသည် ယခင်ကာလထက် ၆၀ ရာခိုင်နှုန်းဈေးနှုန်းမြင့်တက်လာသဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် ပြန်ရချက်များပါကြောင်း၊ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍသည် လုပ်အားအင်အားသုံးစွဲရပြီး အရည်အချင်းပြည့်မီသော ပန်းထိမ်ဆရာလို အပ်သော်လည်း ပန်းထိမ်ဆရာအရေအတွက်မှာ ကျဆင်းလာလျက်ရှိပါကြောင်း၊ ပန်းထိမ်ဆရာများနှင့် အလုပ်သမားများ သန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေသော်လည်း ကိန်းဂဏန်းအရေအတွက်မှာ ၈၀၀,၀၀၀ ခန့်သာရှိရခြင်းမှာ ၈၀ ရာခိုင်နှုန်းသည် ကုန်သည်များဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ ပန်းထိမ် ဆရာ များဖြစ်ကြောင်း Mr. Sumeth က ဖြည့်စွက်ပြောကြားခဲ့သည်။

ကျွမ်းကျင်ပညာရှင်ပြတ်တောက်မှုကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်ခန့်သည့် စံနှုန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်များကို Thailand Professional Qualification Institute နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အရည်အချင်းအခြေခံသင်ရိုးညွှန်းတမ်းကို ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲလျက်ရှိပါကြောင်း၊ နိုင်ငံတကာစံနှုန်းများ နှင့် ကမ္ဘာ့ဈေးကွက်ရှိ သုံးစွဲသူများ၏ လိုလားချက်များဆိုင်ရာ ဗဟုသုတများ မျှဝေပေးနိုင်ရေးအတွက် နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းမှ ကျောက်မျက်အရောင်တင်သူများနှင့် ရွှေပန်းထိမ်များကို သင်တန်းပို့ချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇိုင်နာနှင့် ပန်းထိမ်ဆရာမျိုးဆက်သစ်များ ပေါ်ထွက်လာနိုင်ရေး ၎င်းတို့၏ ဖန်တီးမှုများကို ပြသစေခြင်းဖြင့် World Jewelry Design Awards ချီးမြှင့်ခဲ့ပါကြောင်း၊ ဗန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကို နှစ်စဉ်ကျင်းပ ခြင်းဖြင့် ကျောက်မျက်နယ်ပယ်ရှိ အားလုံးသော ပါဝင်သူများ၏ အရည်အသွေးကို မြှင့်တင်ပေးလျက်ရှိရုံသာမက ထိပ်တန်းကျောက်မျက်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးအချက်အချာ ဖြစ်စေရေးကိုလည်း အထောက်အကူပြုပါကြောင်း Mr. Sumeth က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကျောက်မျက်ရတနာပြပွဲကို နှစ်စဉ်ကျင်းပခြင်းဖြင့် နိုင်ငံ၏ ကျောက်မျက်ကဏ္ဍ ကို မြှင့်တင်ပေးလျက်ရှိကြောင်း သုံးသပ်ရပါသည်။ ပြပွဲတွင် နိုင်ငံတကာမှ လာရောက်ပြသခြင်းကြောင့် ခရီးသွားကဏ္ဍကိုလည်း အထောက်အကူပြုလျက်ရှိပါသည်။ နိုင်ငံတကာရှိ ကျောက်မျက်ဒီဇိုင်းများကို လေ့လာနိုင်ပြီး သင်တန်းများဆောင်ရွက်ခြင်းဖြင့် ကမ္ဘာအနှံ့ရှိ ဝယ်ယူသူများ၏ အကြိုက်ကို သိရှိနိုင် မည် ဖြစ်ပါသည်။ တစ်ဖက်မှ ပို့ကုန်တိုးတက်ရေးဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ၏ မူဝါဒတစ်ခု ဖြစ်သည့် ကျောက်မျက်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအချက်အချာဖြစ်စေရေး ထောက်ပံ့မှုကွင်းဆက် တစ်ခုလုံး ခိုင်မာစေရေးလည်း ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

         

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Category: Thailand