Thailand

ထိုင်းနိုင်ငံ၊ ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Manaporn Charoensri က ကာကွယ်ပြောဆိုခဲ့

Last Updated:

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများ အခိုင်အမာရရှိထားပြီး ဖြစ်သဖြင့် ဘတ် ၁ ထရီလီယံ ကုန်ကျမည့် ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းဆောက်လုပ်မည့် အစီအစဉ်အပေါ် ပို့ဆောင် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Manaporn Charoensri က ကာကွယ်ပြောကြားလိုက်ပါသည်။

ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန် အစိုးရက Roadshow ကျင်းပခဲ့သော်လည်း စီမံကိန်း အကောင် အထည်ဖော်နိုင်မှုနှင့်စပ်လျဉ်း၍ သံသယရှိခဲ့ပြီး ကုန်ကျစရိတ်ထိရောက်မှုအပေါ်လည်း မေးခွန်းထုတ်ခဲ့ သည့် ဒီမိုကရက်ခေါင်းဆောင်တစ်ဦး၏ ဝေဖန်မှုကို တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊  ပို့ဆောင်‌ရေးဝန်ကြီး၏ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် China Communication Construction Company (CCCC) က စီမံကိန်းအပေါ် စိတ်ဝင်စားမှုရှိသည်ကို ပြသခဲ့သကဲ့သို့ ဂျပန်ရင်းနှီးမြှုပ်နှံသူများကလည်း စီမံကိန်းအတွက် ကနဦးလေ့လာဆန်းစစ်မှုကို ကိုယ်စားလှယ်များစေလွှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲလျက်ရှိသည့် တောင်စီးပွားရေးစင်္ကြံဥပဒေ (Southern Economic Corridor Law)  ပြီးစီးမှုပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံသူများက တရားဝင်ချဉ်းကပ်မှုများ စတင်လာနိုင်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် SEC ဥပဒေမူကြမ်းကို ယခုနှစ် စတုတ္ထ ၃ လပတ်တွင်အပြီးသတ်ရန် မျှော် မှန်းထားပြီး ၂၀၂၅ ခုနှစ် စတုတ္ထ ၃ လပတ်တွင် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်စာများ ပေးပို့သွားမည် ဖြစ် ကြောင်း၊ ကုန်းမြေချိတ်ဆက်စီမံကိန်းသည် အစိုးရ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လိုသည့် အဓိက ရင်းနှီးမြှုပ်နှံမှုများစွာထဲမှ တစ်ခုဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးသွားပါက ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ အကြား ပင်လယ်နက်ဆိပ်ကမ်းများဖြင့် ချိတ်ဆက်ပွင့်လင်းသွားမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှု၊ ဘဏ္ဍာငွေကုန်ကျမှုနှင့် စီမံကိန်းပြီးစီးမည့် အချိန်ကာလအပေါ်တွင် ထောက်ပြသူများဖြစ် ကြောင်း၊ စီမံကိန်းပထမအဆင့်ကို ၂၀၂၆ ခုနှစ်တွင် စတင်သွားမည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီး နိုင်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

ဒီမိုကရက်ခေါင်းဆောင်၏ ထောက်ပြချက်သည် အမှန်တကယ်အခြေအနေအပေါ် မခြုံငုံသဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူများအကြား နားလည်မှုလွဲမှားစေနိုင်ကြောင်း၊ စီမံကိန်းကို အကြမ်းဖျဉ်း လေ့လာထားချက်များအရ လမ်းကြောင်းသစ်သည် သင်္ဘောကြာချိန်ကို တိုတောင်းသွားစေနိုင်ပြီး ကုန် ကျစရိတ်လည်း သက်သာစေနိုင်သကဲ့သို့ မလက္ကာရေလက်ကြားအတွင်း ပြည့်ကျပ်နေမှုအတွက် အခြားသောလမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းကို အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် တရုတ်နိုင်ငံတို့မှ စိတ်ဝင်စားလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက်ဖြစ်သူ Mr. Kritchanon Aiyapanya က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin လက်ထက် ပြန်လည်အသက်ဝင်လာသည့် ကုန်းမြေချိတ်ဆက်မီဂါစီမံကိန်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ထောက်ပြမှုများ၊ ဘတ် ၁ ထရီလီယံ ကုန်ကျမည့် စီမံကိန်းဖြစ်သဖြင့် ဘဏ္ဍာငွေဆိုင်ရာ ထောက်ပြမှုများ၊ စီမံကိန်းပြီးစီးမည့်အချိန်ကာလ အပေါ် ထောက်ပြမှုများကြောင့် စီမံကိန်းအပေါ် ကနဦးလေ့လာထားချက်များအရ ကုန်တင်သင်္ဘော များအတွက်လမ်းကြောင်းတိုတောင်းသွားနိုင်သည့် အကျိုးကျေးဇူးရှိသော်လည်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို လေ့လာစောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand