Thailand

ထိုင်းနိုင်ငံ နှင့် ဘူတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ပြင်ဆင်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၂၀ သန်းထိ တိုး တက်စေရန်ရည်ရွယ်၍ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးပွဲကို ၅ ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးသွားရန်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဘူတန်နိုင်ငံ Thimphu တွင် ကျင်းပမည့် ၅ ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးသို့ ထိုင်းနိုင်ငံမှ အဆင့်မြင့်အရာရှိများပါဝင် တက်ရောက် မည် ဖြစ်ပါကြောင်း၊ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီး သွားလုပ်ငန်း၊ လက်မှုပညာနှင့် စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍများစွာ၌ စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုများကို မြှင့်တင်သွားရန်ဖြစ်ကြောင်း၊ Geographical Indicators (GI) ထုတ်ကုန်များ ဖွံ့ဖြိုးတိုး တက်မှု၊ လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှု မြှင့်တင်ရန် နှင့် လွယ်ကူချောမွေ့စေရန် အပင်မျိုးမွှား ဆိုင်ရာ စံနှုန်းများနှင့်စပ်လျဉ်း၍  အလားအလာကောင်းများရှိသော ထိုင်းနိုင်ငံ၏ နည်းပညာဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးသွားရန်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့သည် FTA ဆွေးနွေးညှိနှိုင်းနိုင်ရေးအတွက် ရည်ရွယ်သည့်စာလွှာ (LoI) လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ လက်မှုပညာပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MoU) ကို ထိုင်းနိုင်ငံ Arts and Crafts Institute နှင့် ဘူတန်နိုင်ငံ မီဒီယာ၊ စက်မှုတီထွင်နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့အကြား လက်မှတ် ရေးထိုးသွားမည် ဖြစ်ပါကြောင်း၊ ဘူတန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသဖြင့် ထိုင်းပို့ကုန်များအတွက် ‌ရေရှည်တွင် အလားအလာကောင်းသော ဈေးကွက်ဖြစ်ပါကြောင်း၊ FTA ကြောင့် ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၁၂၀ သန်းသို့ ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ပထမ ၃ လတွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃.၀၆ သန်းရှိခဲ့  ပါကြောင်း၊ ထိုင်းနိုင်ငံမှ အဓိက ပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အထည်အလိပ်များ၊ ဂျုံ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများနှင့် သစ်သီးခြောက်များဖြစ်ပြီး သွင်းကုန်များမှာ လေယာဉ်ပစ္စည်းများ၊ သတ္တုထုတ်ကုန်များ၊ အနုပညာပစ္စည်းများနှင့် ရှီးပတီးကဲ့သို့သော ဆေးဖက်ဝင်မှိုများ (Cordyceps) တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် FTA လက်မှတ်ရေးထိုး၍ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand