Thailand

ယခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံရှိ Premium လျှပ်စစ်မော်တော်ကား ရောင်းအား ၃၅ ရာခိုင် နှုန်း ကျဆင်းခဲ့

Last Updated:

ထိုင်းနိုင်ငံတွင် Premium လျှပ်စစ်မော်တော်ကားများ၏ ရောင်းအားသည် ၃၅ ရာခိုင်နှုန်းကျ ဆင်းခဲ့သော်လည်း ဂျာမနီဇိမ်ခံကား ထုတ်လုပ်သူ BMW သည် ၎င်း၏ Mini အမျိုးအစားသစ်ထုတ် ပြန်ကြေညာခဲ့မှုနှင့်အတူ ရောင်းအားသည် အတက်ဖက်တွင် ရှိနေကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဇွန်လအတွင်း Premium လျှပ်စစ်မော်တော်ကား ၃,၈၄၄ စီး ရောင်းချခဲ့ရကြောင်း၊ ရောင်းအားကျဆင်းခဲ့ရခြင်း၏ အဓိကအချက်များမှာ ဘဏ်များ၏ မော်တော်ကားချေးငွေ အပေါ် ပိုမိုတင်းကျပ်လာခြင်းနှင့် စီးပွားရေးကျဆင်းခဲ့မှုတို့ကြောင့် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ အစိုးရ၏ အသုံးစရိတ်အရှိန်ရလာမှုတို့ ကြောင့် ‌စီးပွားရေးအခြေအနေသည် အတက်ဖက်သို့ ဦးတည်လာနိုင်ပြီး မော်တော်ကားကဏ္ဍလည်း ကောင်းမွန်လာနိုင်ကြောင်း ထိုင်းလျှပ်စစ်မော်တော်ကားအသင်း ဥက္ကဋ္ဌဟောင်း Mr. Krisda က သုံးသပ် ပြောကြားပါသည်။

BMW Group Thailand က Mini Countryman SE လျှပ်စစ်ကားအပါအဝင် Mini အမျိုးအစား များကို မိတ်ဆက်လာခဲ့ပြီး BMW၊ Mini ကားများနှင့် မော်တော်ဆိုင်ကယ်များကို ရောင်းချလာပါ ကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအထိ လျှပ်စစ်မော်တော်ကား ရောင်းအား ၄၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့် စီးပွားရေးအခြေအနေများပေါ် မူတည်သဖြင့် ရောင်းချမည့် Mini ကား အရေအတွက်ကို မသတ်မှတ်ရသေးပါကြောင်း၊ စီးပွားရေးအခြေအနေနှင့် ကိုက်ညီသည့် ဈေးနှုန်းတန်းတွင်ရှိသဖြင့် Mini ကားများကို ထိုင်းဝယ်ယူသူများ အကြိုက်တွေ့မည်ဟု ယုံကြည်ပါကြောင်း BMW Group Thailand ၏ ဥက္ကဋ္ဌ Mr. Rene Gerhard က ဖြည့်စွက်ပြောကြား ခဲ့သည်။

BMW သည် ၎င်း၏ Mini ကားအပါအဝင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အောက်မှ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand